မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်း တိုင်းထွာချက်များအရ ဒုဋ္ဌဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်နှင့် စစ်တောင်းမြစ်ရေများသည် မြစ်ငယ်၊ မင်းကင်း၊ မုံရွာ၊ ဘားအံနှင့် မဒေါက်မြို့တို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း မဒေါက်မြို့မှလွဲ၍ ကျန်မြို့များတွင် မြစ်ရေများ ဆက်လက်မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက်၌ပင် ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။ တစ်ဖက်တွင်လည်း ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာမှုကြောင့် လာမည့် ၁ ရက်အတွင်း မြင်းခြံ (မူရင်းသတင်းတွင် မြင်ခြုံဟုဖော်ပြ)၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိခြင်း သို့မဟုတ် ကျော်လွန်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ အဆိုပါ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်ကို အထူးသတိပြုကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် မိုးဇလက သတိပေးနှိုးဆော်ထားသည်။


