တောင်ကိုရီးယားနိုင်ငံတွင် ရုတ်တရက် အပူချိန်များ အလွန်အမင်း မြင့်တက်လာသည့် "Monster Heat Wave" ကြောင့် လွန်ခဲ့သည့် တစ်ပတ်အတွင်း လူပေါင်း ၁,၁၄၆ ဦး အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပြီး စံချိန်တင် မြင့်တက်ခဲ့ကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အေဂျင်စီ (KDCA) က ထုတ်ပြန်ခဲ့သည်။ယခု အရေအတွက်သည် ၂၀၁၁ ခုနှစ်တွင် စာရင်းစတင် ကောက်ယူခဲ့ပြီးနောက်ပိုင်း တစ်ပတ်အတွင်း အများဆုံး စံချိန်ဖြစ်ပြီး သမိုင်းဝင် အပူလှိုင်းကြုံတွေ့ခဲ့ရသည့် ၂၀၁၈ ခုနှစ် ပမာဏထက်ပင် ကျော်လွန်သွားခဲ့သည်။ မေလ ၁၅ ရက်မှစ၍ လက်ရှိအချိန်ထိ အပူလွန်ကဲမှုကြောင့် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂,၈၇၂ ဦးအထိ ရှိလာခဲ့ပြီး သေဆုံးသူ ၂၃ ဦးရှိခဲ့သည်။အထူးသဖြင့် အသက် ၈၀ နှင့်အထက် သက်ကြီးရွယ်အိုများသည် အပူဒဏ်ကြောင့် ထိခိုက်နိုင်ခြေ အမြင့်ဆုံးဖြစ်ပြီး သေဆုံးသူများ၏ ၆၂ ရာခိုင်နှုန်းမှာ ထိုသက်ကြီးပိုင်းများ ဖြစ်ကြသည်။ အစိုးရနှင့် ကျန်းမာရေး အာဏာပိုင်များက ပြည်သူများအား အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ရန်နှင့် အရေးပေါ် သတိပေးချက်များကို လိုက်နာကြရန် တိုက်တွန်းထားသည်။


