ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရဲ့ အကြီးမားဆုံးနဲ့ အပျော်ရွှင်ဆုံး ညဘက်အပြေးပြိုင်ပွဲတစ်ခုဖြစ်တဲ့ Ayutthaya Night Run 2026 ကို ဩဂုတ်လ ၁ ရက်နေ့ကနေ ၂ ရက်နေ့အထိ Wat Mahathat ကျောင်းတော်နောက်ဘက် ကွင်းပြင်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ အပြေးပြိုင်ပွဲတင်မကဘဲ ဂီတပွဲတော်၊ အစားအသောက်ပွဲတော်၊ မီးရောင်စုံပွဲတော်၊ သရဲအိမ်နဲ့ စိတ္တဇရုပ်မျှောယာဉ် စတဲ့ အစီအစဉ်ပေါင်းများစွာကို တစ်နေရာတည်းမှာ စုစည်းကျင်းပခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲတော်ရဲ့ ပထမနေ့ဖြစ်တဲ့ ဩဂုတ်လ ၁ ရက်နေ့မှာ ၅ ကီလိုမီတာ Fun Run နဲ့ ၁၀.၅ ကီလိုမီတာ Mini Half Marathon ပြိုင်ပွဲတွေကို ကျင်းပခဲ့ပါတယ်။ ဒုတိယနေ့ဖြစ်တဲ့ ဩဂုတ်လ ၂ ရက်နေ့မှာတော့ သမိုင်းဝင် အယုဒ္ဓယခေတ် သရဲတစ္ဆေ စိန်ခေါ်မှုတွေ၊ ဆင်ကောင်ကြီးတွေ၊ နည်းပညာသုံး ရှေးဟောင်းပုံရိပ်တွေနဲ့ စ-စ်ပွဲစိန်ခေါ်မှု လမ်းကြောင်းတွေ အပါအဝင် ပျော်စရာ စိန်ခေါ်မှု လမ်းကြောင်း ၅ ခု ပါဝင်တဲ့ ၅ ကီလိုမီတာ Fun Run ကို ဆက်လက်ကျင်းပခဲ့ပြီး အကောင်းဆုံး ဝတ်စုံဆင်ယင်သူတွေကိုလည်း ဝတ်စုံဆုတွေ ပေးအပ်ခဲ့ပါတယ်။ အဆိုပါ အပြေးလမ်းကြောင်းဟာ Wang Chan Kasem နန်းတော်၊ Hua Ro ဈေး (အယုဒ္ဒယ တရုတ်တန်း)နဲ့ Khlong Chakrai Yai တူးမြောင်းစတဲ့ ခန့်ညားထည်ဝါလှတဲ့ အယုဒ္ဓယမြို့ရဲ့ ရှေးဟောင်းခေတ် သမိုင်းဝင် နေရာသစ်တွေကိုပါ ဖြတ်သန်းသွားခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲကာလအတွင်း နာမည်ကြီး တေးသံရှင်တွေရဲ့ ဂီတဖျော်ဖြေပွဲတွေ၊ ဒေသထွက် အစားအသောက် ဆိုင်ခန်းပေါင်း ၂၀၀ ကျော်နဲ့ လှပတဲ့ မီးရောင်စုံ ဓာတ်ပုံရိုက်ကွင်းတွေ ပါဝင်ခဲ့တာကြောင့် ပါဝင်ယှဉ်ပြိုင်သူတွေတင်မကဘဲ လာရောက်လည်ပတ်သူတွေပါ တစ်ညလုံး ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။



