၂၀၂၅ ခုနှစ်အတွင်း ဘဏ်စာရင်းတွေကနေ ဘတ် ၂.၅ ဘီလီယံကျော် စီးဆင်းခဲ့တဲ့ မူးယစ်ဆေးဝါး ငွေကြေးခဝါချမှုကွန်ရက်က အဓိကသံသယရှိသူ အမျိုးသမီးတစ်ဦးကို ဩဂုတ်လ ၄ ရက်နေ့က ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်မှာ ဖ-မ်းဆီးလိုက်ပါတယ်။ အသက် ၄၇ နှစ်အရွယ် Ayisa Lawin ကို သူမရဲ့နေအိမ်မှာ ရှာဖွေဖ-မ်းဆီးခဲ့တာဖြစ်ပြီး တန်ဖိုး ဘတ် သန်း ၁၅၀ ခန့်ရှိတဲ့ ဇိမ်ခံကားတွေ၊ မြေဂရန်တွေ၊ ငွေသားနဲ့ လက်ဝတ်ရတနာတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီအမျိုးသမီးဟာ မြန်မာနိုင်ငံသားတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပြီးနောက် မြန်မာနယ်စပ်အနီးမှာ MYMT Co အမည်ရတဲ့ သွင်းကုန်ထုတ်ကုန်နဲ့ နိုင်ငံတကာငွေကြေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုကို တည်ထောင်ကာ မြောက်ပိုင်းက မူးယစ်ဆေးဝါးဂိုဏ်းတွေအတွက် ငွေကြေးခဝါချပေးနေတာဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ လက်ရှိမှာတော့ သူမရဲ့ ဘဏ်အကောင့် ၈ ခုကိုလည်း ပိတ်ပင်ထားပါတယ်။ဒီဖ-မ်းဆီးမှုဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စူရတ်ဌာနီခရိုင်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖ-မ်းဆီးရမိခဲ့တဲ့ အမှုကနေတစ်ဆင့် စုံစမ်းဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကွန်ရက်နဲ့ ဆက်စပ်ပြီး တောင်ပိုင်းမှာ မူးယစ်ဆေးဝါးကိုယ်စားလှယ် ၄၇ ဦးနဲ့ မြောက်ပိုင်းက အဓိကထောက်ပံ့သူ ၇ ဦးကိုလည်း ဖ-မ်းဝရမ်းထုတ်ထားပြီး ကျန်ရှိနေတဲ့ ကွန်ရက်အဖွဲ့ဝင်တွေကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။



