နိုင်ငံတကာရေလမ်းကြောင်းများ တိုက်ခိုက်ခံရမှုအတွက် အီရန်နှင့်ယီမင်နိုင်ငံအခြေစိုက် ဟူသီအုပ်စုတို့ကို စစ်ရေးအရ ပြင်းပြင်းထန်ထန်အပြစ်ပေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဇူလိုင်၂၃ ရက်တွင် သတိပေးလိုက်သည်။ဆော်ဒီအာရေဗျ ရေနံတင်သင်္ဘောနှစ်စင်းကို ဟူသီသူပုန်အုပ်စုက ပင်လယ်နီဒေသ၌ တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။ဆော်ဒီအာရေဗျ နိုင်ငံကိုရေကြောင်းပိတ်ဆို့မှု ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ပင်လယ်နီ ရေပြင်အတွင်း သွားလာနေသော ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို ဟူသီအုပ်စုက ဒုံးကျည်များ၊မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်။ပင်လယ်နီဒေသ၌ ဆော်ဒီရေနံတင်သင်္ဘောများ တိုက်ခိုက်ခံခဲ့ရပြီးနောက် ယခုနှစ် ဖေဖော်ဝါရီ ၂၈ရက်တွင် စတင်ခဲ့သည့် အရှေ့အလယ်ပိုင်းဒေသစစ်ပွဲ၌ စစ်မျက်နှာသစ်တစ်ခု ထပ်မံပေါ်ထွက်လာခဲ့ရသည်။ဆော်ဒီရေနံတင်သင်္ဘောများ ပင်လယ်နီဒေသ၌ တိုက်ခိုက်ခံခဲ့ရပြီးနောက် ကမ္ဘာ့ရေနံဈေးကွက်၌ ရေနံစိမ်းဈေးနှုန်းမှာတစ်စည်လျှင် အမေရိကန်ဒေါ် ၁၀၀အထိ မြင့်တက်လာခဲ့ရာ ယခုနှစ်မေလနောက်ပိုင်း အမြင့်ဆုံး ရေနံဈေးနှုန်းဖြစ်ခဲ့ရသည်။ အမေရိကန် စစ်ဘက်သည်ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်အီရန်စစ်ရေးပစ်မှတ်များကို ၁၃ ရက်မြောက်နေ့အဖြစ် ဆက်လက်တိုက်ခိုက်ခဲ့သည်။



