ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ မြို့ဦးရပ်ကွက်တွင် ၂၀၀၆ ခုနှစ်က သိမ်းဆည်းခံထားရသည့် မြေယာများကို ၂၀၂၁ ခုနှစ်အတွင်း မြေပိုင်ရှင်နှစ်ဦးက ပြန်လည်ရောင်းချခဲ့မှုကြောင့် မြေကွက် ဝယ်ယူသူ ၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း သိရသည်။အဆိုပါ မြေကွက်များပေါ်တွင် ဆောက်လုပ်ထားသည့် လူနေအိမ်များကို စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းခဲ့ရသဖြင့် ဝယ်ယူသူအချို့မှာ သဘောတူကြောင်း လက်မှတ်ရေးထိုးကာ ဖယ်ပေးခဲ့ရသည်။ ဖြစ်စဉ်နှင့် ဆက်နွယ်၍ စိတ်ဖိစီးမှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားသူ ၄ ဦး (အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး) ထိ ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။သိမ်းဆည်းမြေဖြစ်သည်ကို သိရှိလျက်ဖြင့် လိမ်လည်ရောင်းချခဲ့သည်ဟု စွပ်စွဲခံထားရသူ ဦးဆယ်သန်းအား တောင်ကြီးမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ (လိမ်လည်မှု) ဖြင့် စစ်ဆေးလျက်ရှိပြီး လက်ရှိတွင် အဆိုပါ မြေကွက်များပေါ်၌ အိမ်ခြံမြေ စီမံကိန်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
Jul 24 • 5:04 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 26 | 0 | 0 | 0 |


