မက္ကဆီကိုနိုင်ငံတောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် သောကြာနေ့က ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားရာ ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းဒေသအချို့အတွက် ဆူနာမီသတိပေးချက် ထွက်ပေါ်ခဲ့သည်။ အဆိုပါငလျင်ကြောင့် မက္ကဆီကိုနှင့် ဂွါတီမာလာနိုင်ငံတို့တွင် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုနှင့် လူသေဆုံးမှု မရှိကြောင်း သတင်းရရှိသော်လည်း အိမ်နီးချင်း အယ်ဆာဗေဒိုနိုင်ငံအထိပါ တုန်ခါမှုကို ခံစားခဲ့ရသည်။ ငလျင်ဗဟိုချက်သည် မက္ကဆီကိုနိုင်ငံ ပွာတိုမာဒီရို (Puerto Madero) ရေလုပ်ငန်းမြို့အနီး ပင်လယ်ရေအောက် ၁၅.၂ ကီလိုမီတာအနက်၌ တည်ရှိပြီး နောက်ဆက်တွဲငလျင်များလည်း ဆက်တိုက်လှုပ်ခတ်ခဲ့သည်။ ဆူနာမီသတိပေးချက်စင်တာက ကမ်းခြေအနီးတွင် သေးငယ်သောလှိုင်းတံပိုးအချို့ကို တိုင်းတာရရှိခဲ့ပြီးနောက် လက်ရှိတွင် အန္တရာယ်ကျော်လွန်သွားပြီဖြစ်ကြောင်း ကြေညာထားသော်လည်း ဒေသခံများအနေဖြင့် ပင်လယ်ပြင်အနီးတွင် ဆက်လက်သတိပြုရန် နှိုးဆော်ထားသည်။



