မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်အတွင်း၌ ပြည်ပသွင်းကုန်များ (အထူးသဖြင့် ထိုင်းကုန်စည်များ) အပြင် ပြည်တွင်းထုတ်ကုန်များနှင့် အမျိုးသမီးလစဉ်သုံး ပစ္စည်းများပါ ပြတ်လပ်နေပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူများထံမှ သိရသည်။ ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာနှင့် စတိုးဆိုင်ကြီးအချို့တွင် ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိသဖြင့် အရောင်းစင်များ ကုန်လုနီးပါး ဖြစ်ပေါ်နေသည်။ထို့ပြင် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာလည်း ပြီးခဲ့သည့်အပတ်နှင့်နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာရာ ဟင်းသီးဟင်းရွက် (ကန်စွန်းရွက်/ချဉ်ပေါင်ရွက်) တစ်စည်းလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်သို့လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်ဝန်းကျင်မှ ၆၀၀ ကျပ်သို့လည်းကောင်း၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၄,၅၀၀ ကျပ်မှ ၆,၀၀၀ ကျပ်သို့လည်းကောင်း အသီးသီး မြင့်တက်လာခဲ့သည်။အထူးသဖြင့် စားအုန်းဆီဈေးကွက်တွင် ခွဲတမ်းများ လျှော့ချလိုက်ပြီးနောက် ပြီးခဲ့သည့်လက တစ်ပိဿာလျှင် ၈,၀၀၀ ကျပ်ဝန်းကျင် ရှိရာမှ ယခုအခါ တစ်ပိဿာလျှင် ၂၀,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်း အဆမတန် ခုန်တက်သွားသည့်အပြင် လိုသလောက် ဝယ်ယူ၍မရဘဲ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသည်။ လက်ရှိတွင် အလုပ်အကိုင် ရှားပါးမှု၊ လစာနည်းပါးမှုတို့နှင့်အတူ အခြေခံကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လာမှုကြောင့် အခြေခံလူတန်းစား ပြည်သူများ စားဝတ်နေရေး ကျပ်တည်းကာ ဒုက္ခရောက်နေကြရကြောင်း မြို့ခံများက ပြောဆိုကြသည်။
Jul 17 • 3:10 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


