အရှေ့အလယ်ပိုင်း (ပင်လယ်ကွေ့) ဒေသတွင်း၌ စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းနှင့် လုံခြုံရေးအခြေအနေ မတည်ငြိမ်ခြင်းတို့ကြောင့် အာရပ်စော်ဘွားများပြည်နယ် (UAE) ရှိ အမေရိကန်သံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့သည် ၎င်းတို့၏ ကောင်စစ်ဝန်ဆိုင်ရာ ချိန်းဆိုမှုများအားလုံးကို ယာယီဆိုင်းငံ့လိုက်ကြောင်း သိရသည်။
အဘူဒါဘီမြို့ရှိ အမေရိကန်သံရုံးနှင့် ဒူဘိုင်းမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးတို့သည် ဇူလိုင်လ ၁၃ ရက်မှ ၁၅ ရက်အထိ ကြိုတင်ချိန်းဆိုထားမှုများ (Consular Appointments) အားလုံးကို ဖျက်သိမ်းလိုက်ပြီး ချိန်းဆိုထားသူများအနေဖြင့် သံရုံးနှင့် ကောင်စစ်ဝန်ရုံးများသို့ လာရောက်ခြင်းမပြုရန်နှင့် ရက်ချိန်းပြန်လည်သတ်မှတ်ရန်အတွက် တိုက်ရိုက်ဆက်သွယ်သွားမည်ဖြစ်ကြောင်း အရေးပေါ်လုံခြုံရေးသတိပေးချက် ထုတ်ပြန်ထားသည်။
လက်ရှိတွင် အရေးပေါ်မဟုတ်သော အစိုးရဝန်ထမ်းများကို ယူအေအီးနိုင်ငံပြင်ပသို့ ပြောင်းရွှေ့ထားသည့် အမိန့် (Ordered-departure status) ထုတ်ပြန်ထားဆဲဖြစ်သဖြင့် အမေရိကန်နိုင်ငံသားများအတွက် အရေးပေါ်ကောင်စစ်ဝန်ကူညီမှုများကိုသာ အကန့်အသတ်ဖြင့် ပေးနိုင်တော့မည် ဖြစ်သည်။ ထို့အပြင် ပုံမှန်ဗီဇာ (Visa) ထုတ်ပေးခြင်း လုပ်ငန်းစဉ်များအားလုံးကိုလည်း အကန့်အသတ်မရှိ ဆိုင်းငံ့ထားကြောင်း သိရသည်။


