ဂျပန်နိုင်ငံအနောက်ပိုင်း နာရာ (Nara) ခရိုင်ရှိ အဆုက-ဖူဂျီဝါရ (Asuka-Fujiwara) ရှေးဟောင်းသုတေသနနယ်မြေများကို ယူနက်စကို (UNESCO) ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲသို့ ထည့်သွင်းရန် ယူနက်စကို၏ အကြံပေးအဖွဲ့က ဇွန်လ ၆ ရက်နေ့တွင် အကြံပြုချက် ထုတ်ပြန်လိုက်သည်။ အဆိုပါ ရှေးဟောင်းနယ်မြေများတွင် ၆ ရာစုမှ ၈ ရာစုအတွင်းက အဆုကနှင့် ဖူဂျီဝါရ နန်းတော်အကြွင်းအကျန်များ၊ တာကာမတ်စုဇုက (Takamatsuzuka) ဂူဗိမာန်အပါအဝင် ရှေးဟောင်းသုတေသနနေရာပေါင်း ၁၉ ခု ပါဝင်ပြီး၊ အရှေ့အာရှဒေသတွင် ရှေးဟောင်းနိုင်ငံတော် ထူထောင်စဉ်ကာလအတွင်း ဗဟိုချုပ်ကိုင်မှုစနစ် ဖွံ့ဖြိုးတိုးတက်လာပုံကို ပြသနေသည့် သမိုင်းဝင်နေရာများဖြစ်သည်။ လာမည့် ဇူလိုင် ၁၉ ရက်မှ ၂၉ ရက်အထိ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပမည့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးတွင် ယခုအကြံပြုချက်ကို တရားဝင်အတည်ပြုရန် မျှော်မှန်းထားပြီး၊ အတည်ပြုချက်ရရှိပါက ဂျပန်နိုင်ငံ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အရေအတွက်မှာ ၂၂ ခုအထိ ရှိလာမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၊အဆုက-ဖူဂျီဝါရ ရှေးဟောင်းမြို့တော်များကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရန် အကြံပြုချက်ရရှိ
Jun 08 • 4:58 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


