ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့တွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် နောင်းအငွန် သေဆုံးမှုနှင့် ပတ်သက်၍ ၎င်း၏ အစ်မဖြစ်သူနှင့် ဦးလေးဖြစ်သူတို့က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၆ ရက် (ယမန်နေ့) နံနက် ၁၀ နာရီတွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာတွင် အသုံးပြုခဲ့သည့် သုံးဘီးဆိုင်ကယ်ပေါ်ရှိ လက်ဗွေရာများကို ရှာဖွေထောက်လှမ်းရာမှတစ်ဆင့် အသက် ၁၂ နှစ်အရွယ် အစ်မအရင်းဖြစ်သူနှင့် အသက် ၁၇ နှစ်အရွယ် ဦးလေးဖြစ်သူတို့ကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး၊ တရားခံများက ၎င်းတို့အနေဖြင့် နောက်ပြောင်ဆော့ကစားရာမှ မတော်တဆ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။ စစ်ဆေးချက်များအရ အခင်းဖြစ်ပွားသည့်နေ့က ၎င်းတို့နှစ်ဦးသည် နောင်းအငွန်၏ နေအိမ်တွင် လာရောက်ဆော့ကစားစဉ် ဆန်အိတ်ဖြင့် နောင်းအငွန်၏ ဦးခေါင်းကိုစွပ်ကာ လည်ပင်းကို နောက်ပြောင်ညှစ်၍ ကစားခဲ့ကြရာမှ အသက်ရှူကျပ်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး၊ ထို့နောက် မွန်းလွဲ ၃ နာရီခန့်တွင် ရုပ်အလောင်းကို သုံးဘီးဆိုင်ကယ်ဖြင့် သယ်ဆောင်ကာ ရော်ဘာခြံအတွင်း သွားရောက်စွန့်ပစ်ခဲ့ကြခြင်းဖြစ်သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က မိသားစုထံ တရားခံဖမ်းဆီးရမိကြောင်းသာ အကြောင်းကြားထားပြီး တွေ့ဆုံခွင့်မပေးသေးဘဲ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 07 • 1:43 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


