ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ဘန်ဂျိုရပ်ကွင်ရှိ အလုပ်သမားတန်းလျားအဆောင်တွင် ဇွန် ၅ ရက်နံနက်အစောပိုင်း ၁၂ နာရီ ၁၅ မိနစ်ခန့်၌ မီးလောင်ကျွမ်းခဲ့ပြီး အလုပ်သမား ၅၀၀ ကျော် ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ရကြောင်း ဖူးခက်သတင်းကဖော်ပြသည်။၎င်းမီးအား မီးသတ်ကား ၁၀စီးကျော်ဖြင့် တစ်နာရီကျော်ကြာဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး ရဲတပ်ဖွဲ့ကလျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ရာမှ တစ်ဆင့်မီးအရှိန်အဟုန်ဖြင့် လျင်မြန်စွာကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆထားကာ တန်းလျားတွင် မီးတောက်များ ပြင်းထန်စွာလောင်ကျွမ်းခဲ့ပြီး ပေါက်ကွဲသံများလည်း ထွက်ပေါ်ခဲ့ကြောင်းမီးသတ် သမားများက ပြောသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသည်ကျယ်ဝန်းပြီပတ်ပတ်လည်ကို သွပ်ပြားများဖြင့်ခြံစည်းရိုးခတ်ထားသော အလုပ်သမားတန်းလျားတစ်ခုဖြစ်ကာ အတွင်း၌အခန်းများစွာ တွဲလျက်ဆောက်လုပ်ထားပြီး လူနေ ရပ်ကွက်နှင့် နီးကပ်စွာတည်ရှိသည်။ထိုတန်းလျားအတွင်း နေထိုင်သည့် အလုပ်သမား ၅၀၀ ကျော်သည်ပိုင်ဆိုင်မှုများနှင့် လိုအပ်သောပစ္စည်းများကို အလျင်အမြန် သယ်ဆောင်၍အသက်လုကာ ထိုနေရာမှ ထွက်ပြေးခဲ့ကြောင်းသိရသည်။၎င်းတန်းလျားတွင် နေထိုင်ခဲ့သည့် မြန်မာအလုပ်သမားများသည်လက်ရှိတွင် ယာယီခိုလှုံရာနေရာ၌
နေထိုင်ရပြီး အရေးပေါ်စားနပ်ရိက္ခာနှင့် အဝတ်ထည်များ လိုအပ်နေကြောင်း ဖူးခက်ဘန်ထောင် ပရဟိတအဖွဲ့ကလည်း အကူအညီတောင်းထားခြင်းဖြစ်သည်။



