ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရွှေ့ပြောင်းလုပ်ကိုင်နေသည့် အသက် ၂၅ နှစ်အရွယ် ပအိုဝ်းတိုင်းရင်းသားလူငယ် ခွန်ဝင်းနိုင်သည် ဇွန်လ ၁ ရက် (ယမန်နေ့) နံနက်ပိုင်းက အလုပ်သွားစဉ် ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း ပအိုဝ်းလူမှုကူညီရေးအသင်းထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကုန်းညွန့်ရွာဇာတိဖြစ်သူ ၎င်းလူငယ်သည် မိုးရွာနေချိန်တွင် ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့ရာမှ လမ်းချော်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး၊ ဦးခေါင်းနှင့် လမ်းမျက်နှာပြင် တိုက်ရိုက်ရိုက်မိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ အရက်သေစာ သောက်စားတတ်သူမဟုတ်ကြောင်းနှင့် ၎င်း၏ရုပ်အလောင်းကို လပ်ဖြောဝ် ၁၀၁ ရှိ ဗွိုင်ထောင်လန်ဘုန်းတော်ကြီးကျောင်းသို့ သယ်ဆောင်ထားရှိကာ ဇွန်လ ၂ ရက် (ယနေ့) တွင် မီးသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပအိုဝ်းလူမှုကူညီရေးအသင်းအနေဖြင့် ယခုကဲ့သို့ မိုးရာသီကာလအတွင်း လမ်းများချော်လွယ်သဖြင့် ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် အရှိန်လျှော့မောင်းနှင်ကြရန်နှင့် ဆိုင်ကယ်စီးဦးထုပ်များကို စနစ်တကျဆောင်းကြရန် သတိပေးနှိုးဆော်ထားသည်။

Jun 02 • 2:08 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


