တောင်ကိုရီးယား ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဧပြီလအတွင်း နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဦးရေမှာ ၂.၀၃ သန်းရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၉ ရာခိုင်နှုန်း တိုးတက်ကာ စံချိန်တင်မြင့်မားခဲ့ကြောင်း သိရသည်။ ၎င်းသည် မတ်လနောက်ပိုင်း နှစ်လဆက်တိုက် ခရီးသွား ၂ သန်းကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာကာလအတွင်း စုစုပေါင်း ၆.၇၇ သန်း ဝင်ရောက်ခဲ့သဖြင့် သမိုင်းတစ်လျှောက် အမြင့်မားဆုံး ကာလတူခရီးသွားဦးရေ ဖြစ်လာခဲ့သည်။
နိုင်ငံအလိုက်ဝင်ရောက်မှုတွင် တရုတ်ခရီးသွား ၅၇၄,၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး၊ ဂျပန် (၃၀၄,၀၀၀ ကျော်) နှင့် ထိုင်ဝမ် (၁၉၂,၀၀၀ ကျော်) တို့က ဒုတိယနှင့် တတိယ နေရာများတွင် အသီးသီး ရှိနေသည်။ မဟာဗျူဟာမြောက် ဒေသတွင်းခရီးသွားလုပ်ငန်း တိုးမြှင့်မှုများကြောင့် ဆိုးလ်မြို့တော်ပြင်ပရှိ ဒေသဆိုင်ရာ လေဆိပ်များမှတစ်ဆင့် ဝင်ရောက်လာသည့် ခရီးသွားဦးရေမှာလည်း ၃၈ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်ခဲ့သည်။ အရှေ့အလယ်ပိုင်းအရေးကြောင့် လောင်စာဆီဈေးနှုန်းများနှင့် လေယာဉ်လက်မှတ်ခများ ကြီးမြင့်နေသော်လည်း K-culture လွှမ်းမိုးမှုကြောင့် ခရီးသွားဝင်ရောက်မှုအပေါ် သက်ရောက်မှုမရှိခဲ့ဘဲ၊ ဧပြီလတစ်လတည်းတွင် နိုင်ငံခြားသားများ၏ ပြည်တွင်းသုံးစွဲမှုမှာ ဝမ် ၁.၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံခန့်) အထိ ရှိခဲ့ကြောင်း သိရသည်။


