ကမ္ဘာ့ရေနံစျေးကွက်အတွင်း ရေနံစျေးနှုန်းများ တရိပ်ရိပ် ကျဆင်းလာမှုနှင့်အတူ ထိုင်းနိုင်ငံတစ်ဝှမ်းရှိ PTT၊ Bangchak၊ PT၊ Caltex နှင့် Shell စသည့် စက်သုံးဆီဆိုင်ကြီးများအားလုံးတွင် ဆီစျေးနှုန်းများ (၂) ရက်ဆက်တိုက် ထပ်မံကျဆင်းသွားခဲ့သည်။ PTT နှင့် Bangchak ဆီဆိုင်ကြီးများ၏ သတ်မှတ်ချက်အသစ်အရ အသုံးများသည့် Gasohol 95 မှာ တစ်လီတာလျှင် ၄၂ ဒသမ ၉၀ ဘတ်၊ Gasohol 91 မှာ ၄၂ ဒသမ ၅၃ ဘတ်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး ဒီဇယ် (Diesel) မှာ တစ်လီတာလျှင် ၄၀ ဒသမ ၇၀ ဘတ်စီ အသီးသီး ဖြစ်သွားပြီဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်စစ်ပွဲကြောင့် ရေနံချက်လုပ်မှုစရိတ်နှင့် အာမခံကြေးများ မြင့်တက်ကာ ဆီစျေးနှုန်းများ စံချိန်တင်တက်ခဲ့သော်လည်း၊ လက်ရှိတွင် ထိုင်းစွမ်းအင်ဝန်ကြီးဌာနက ဆီချက်စက်ရုံများနှင့် ညှိနှိုင်း၍ ရန်ပုံငွေနှင့် အမြတ်အစွန်း သတ်မှတ်ချက်များကို ထိန်းညှိပေးခဲ့ခြင်းကြောင့် ပြီးခဲ့သည့် မေလ ၈ ရက်နေ့ ကနဦးလျှော့ချမှုအပြီး ယခုကဲ့သို့ စျေးနှုန်းများ ထပ်မံကျဆင်းလာခြင်း ဖြစ်သည်။ လာမည့်ရက်ပိုင်းအတွင်း၌လည်း ဒီဇယ်စျေးနှုန်းကို တစ်လီတာလျှင် ၁ ဘတ်ကျော်နှင့် ဓာတ်ဆီ၊ ဂက်ဆိုဟောစျေးနှုန်းများကို ၀ ဒသမ ၆၀ ဘတ်စီ ထပ်မံလျှော့ချပေးရန် စက်သုံးဆီရန်ပုံငွေအမှုဆောင်ကော်မတီ (FFEC) က စီစဉ်ထားရာ၊ ဆီစျေးနှုန်းများ ဆက်တိုက်ကျဆင်းလာမှုအပေါ် ထိုင်းပြည်သူများက ဝမ်းသာအားရဖြစ်နေကြပြီး ကုန်စျေးနှုန်းများပါ လိုက်ပါကျဆင်းလာရန် မျှော်လင့်နေကြကြောင်း သိရသည်။


