ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် လူမှုရေးတည်ငြိမ်မှု ထိန်းသိမ်းရန်အတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိရောက်စွာ ဆောင်ရွက်ကြရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က တိုက်တွန်းနှိုးဆော်လိုက်သည်။
ဝန်ကြီးချုပ် လီချန်က နိုင်ငံတစ်ဝန်းရှိ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အန္တရာယ်ရှိနိုင်ခြေများကို သေချာစွာ ကြပ်မတ်စစ်ဆေးရန်နှင့် ဘေးကင်းရေးဆိုင်ရာ မမှန်မကန်လုပ်ဆောင်မှုများကို ပြတ်ပြတ်သားသား အရေးယူရန် တိုက်တွန်းခဲ့သည်။ အထူးသဖြင့် ဓာတ်သတ္တုတူးဖော်ရေး၊ မီးရှူးမီးပန်းထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေး စသည့် အဓိကကဏ္ဍကြီးများတွင် စီမံခန့်ခွဲမှုများကို ပိုမိုအားဖြည့်ရန်နှင့် စိုးရိမ်ဖွယ် မတော်တဆမှုကြီးများ မဖြစ်ပွားအောင် တားဆီးရန် မှာကြားခဲ့သည်။ ထို့ပြင် လက်ရှိ တရုတ်နိုင်ငံတွင် ရေကြီးရေလျှံမှု ရာသီသို့ ရောက်ရှိနေပြီဖြစ်၍ သဘာဝဘေးအန္တရာယ် စောင့်ကြည့် သတိပေးခြင်းနှင့် အရေးပေါ် ကယ်ဆယ်ရေး ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်ရန်လည်း ဖြည့်စွက်ပြောကြားခဲ့သည်။မေလ ၃၀ ရက်က ပေကျင်းမြို့၌ ဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့သည့် နိုင်ငံအဆင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးချုပ် ကျန်းကော်ချင်းကလည်း တက်ရောက်ဆွေးနွေးခဲ့ပြီး၊ လတ်တလော ဖြစ်ပွားခဲ့သည့် မတော်တဆမှုများကို သင်ခန်းစာယူ၍ လုပ်ငန်းခွင်အတွင်း လျှို့ဝှက်အန္တရာယ်များ ဖော်ထုတ်ရှင်းလင်းရန်နှင့် အချက်အလက် မမှန်မကန်ပြုလုပ်၍ တရားမဝင် လုပ်ကိုင်ဆောင်ရွက်မှုများကို ပြင်းထန်စွာ နှိမ်နင်းသွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။


