ထိုင်းနိုင်ငံ လန်ပန်း (Lampang) ပြည်နယ်၊ ဟန်ချတ် (Hang Chat) ခရိုင်တွင် မေလ ၂၉ ရက် သောကြာနေ့မနက်ပ်ိုင်းမှာ တစ်ညလုံး အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဒွိုင်ခွန်တန် အမျိုးသားဥယျာဉ်တောင်တန်းမှ တောင်ကျရေများနှင့်အတူ ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ ဒေသခံအိမ်ထောင်စုပေါင်း ၂၀၀ ကျော် ရေဘေးဒုက္ခကြုံတွေ့နေရကြောင်း သိရသည်။ အဆိုပါ ရုတ်တရက် ရေစီးသန်သန်ဖြင့် ဒလဟော စီးဝင်မှုကြောင့် နေအိမ်များ၊ စာသင်ကျောင်းများ၊ ဈေးများနှင့် လမ်းမကြီးများ ရေနစ်မြုပ်ကာ လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်ခဲ့ရုံမျှမက အဖိုးတန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံအချို့လည်း ပိတ်မိနေခဲ့သည်။ ရေဘေးသင့်ဒေသခံများကမူ ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရသည့် အဆိုပါပြဿနာကို ဖြေရှင်းပေးမည်ဟု တာဝန်ရှိသူများက နှစ်စဉ်ကတိပေးခဲ့သော်လည်း ထိရောက်သည့် ကာကွယ်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ပေးခြင်း မရှိသည့်အတွက် သဘာဝဘေးဒဏ်ကို ထပ်ခါတလဲလဲ ခံစားနေရခြင်းဖြစ်ကြောင်း အစိုးရအပေါ် ပြစ်တင်ဝေဖန်လျက်ရှိသည်။


