ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တို့ကို ဆက်သွယ်ထားပြီး (၈) လကျော်ကြာ ယာယီပိတ်ထားခဲ့သည့် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို ယမန်နေ့ မေလ ၂၈ ရက် နံနက် ၇ နာရီဝန်းကျင်တွင် အန္တရာယ်ကင်းပရိတ်နာယူကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါတံတားသည် အရှေ့အနောက် စီးပွားရေးစင်္ကြန်လမ်း နယ်စပ်ကုန်သွယ်ရေး၏ အဓိကတံတားဖြစ်ပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်မှစတင်ကာ ကုန်သွယ်ယာဉ်များ သွားလာမှုကို ပိတ်ထားခဲ့ခြင်းဖြစ်ကာ ယနေ့မှစ၍ ပို့ကုန်သွင်းကုန်လိုင်စင်ရှိသည့် ကုန်တင်ယာဉ်များကို ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ တံတားပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်၍ ရပ်ဆိုင်းနေသည့် တရားဝင်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က ပြောကြားထားသည်။





