မန္တလေးမြို့တွင် ည ၈ နာရီနောက်ပိုင်း လမ်းမများပေါ်၌ လူအသွားအလာ နည်းပါးလာခြင်းကြောင့် မြို့ပေါ်ရှိ စားသောက်ဆိုင်၊ ဘီယာဆိုင်နှင့် KTV များတွင် ဧည့်သည်ဝင်ရောက်မှု သိသိသာသာ လျော့နည်းကျဆင်းလာကြောင်း မေလ ၂၇ ရက်တွင် ဒေသခံများထံမှ သိရသည်။ ဒေသခံများအနေဖြင့် လုယက်ခံရမှုနှင့် လူပျောက်ဆုံးမှု စသည့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ညဥ့်နက်ပိုင်းအထိ အပြင်ထွက် အပန်းဖြေခြင်းများကို လျှော့ချလာကြခြင်း ဖြစ်သည်။လမ်းမများပေါ်တွင် ည ၈ နာရီကျော်ပါက လူသူမရှိသလောက် ခြောက်ကပ်သွားသဖြင့် လမ်းဘေး ထမင်းကြော်ဆိုင်နှင့် အကင်ဆိုင်ငယ်များပင် ည ၉ နာရီမတိုင်မီ ဆိုင်ပိတ်သိမ်းလာကြသည်။ ကလပ်နှင့် KTV အချို့တွင်မူ လာရောက်သူအချို့ ရှိသော်လည်း ညဘက်ပြန်မထွက်ရဲကြသဖြင့် ညလုံးပေါက် နေထိုင်ကြသည့် အခြေအနေမျိုး ရှိနေသည်။ ယခင်က ညပိုင်းအလင်းဆိုင်များဖြင့် စည်ကားခဲ့သည့် မန္တလေးမြို့ညသည် လက်ရှိတွင် လုံခြုံရေးအခြေအနေကြောင့် အသွင်ပြောင်း ပျောက်ကွယ်သွားခဲ့ရကြောင်း သိရသည်။



