ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ဟိုတယ်အသစ် ၂၂ လုံး၊ တည်းခိုရိပ်သာအသစ် ၂၃ လုံးနှင့် ခရီးသွားလှည့်လည်ရေးကုမ္ပဏီအသစ် ၄၆ ခုတို့အား လိုင်စင်အသစ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။ ယင်းသို့ တိုးချဲ့ဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိတွင် ကချင်ပြည်နယ်၌ ဟိုတယ် ၆၆ လုံး၊ တည်းခိုရိပ်သာ ၃၁ လုံး (စုစုပေါင်း အခန်း ၂,၉၅၀ ခန်း) နှင့် ခရီးသွားလှည့်လည်ရေးကုမ္ပဏီ ၈၁ ခုအထိ ရှိလာပြီး ဖွင့်လှစ်လည်ပတ်လျက်ရှိသည်။
ထို့ပြင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့်ဆရာဖြစ် သင်တန်းလက်မှတ်ရရှိထားသည့် ဆရာ၊ ဆရာမများက ဟိုတယ်ဆိုင်ရာ ဧည့်ကြိုဝန်ဆောင်မှု၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးနှင့် အဖျော်ယမကာဝန်ဆောင်မှု သင်တန်းသုံးမျိုးကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


