ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ လေးမြို့မြစ်ကမ်းဘေးတွင် နေထိုင်ကြသည့် ဒေသခံများသည် မိုးရာသီကာလ ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမည့် အန္တရာယ်ကို စိုးရိမ်နေကြပြီး အချို့မှာ နေရာရွှေ့ပြောင်းလိုနေကြကြောင်း သိရပါတယ်။မင်းပြားမြို့သည် လေးမြို့မြစ်ကမ်းဘေးတွင် တည်ရှိပြီး မြစ်ကမ်းဘေးမြေများမှာ မြေပျော့ (နုန်းမြေ) များဖြစ်သဖြင့် မိုးတွင်း၌ ရေစီးသန်ကာ ကမ်းပါးများ ၃ ပေမှ ၁၀ ပေခန့်အထိ ပြိုကျလေ့ရှိပါတယ်။လေးမြို့မြစ်တစ်လျှောက်ရှိ မင်းပြားနှင့် မြောက်ဦးမြို့နယ်များမှ ကျေးရွာများသည် နှစ်စဉ် ဤအန္တရာယ်နှင့် ရင်ဆိုင်နေရပြီး နေအိမ်များ ရေထဲပါသွားခြင်းနှင့် အသက်အန္တရာယ်စိုးရိမ်ရမှုများ ရှိနေသည့်အတွက် ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့လိုသဖြင့် တာဝန်ရှိသူများ စီစဉ်ပေးရန် လိုလားနေကြပါတယ်။



