စက်ရုံပိုင်ရှင်ထွက်ပြေး၍ ဒုက္ခရောက်နေရသည့် မြန်မာအပါအဝင်ထိုင်း၊ လာအို လုပ်သား၁၀၀ ကျော် အတွက် နစ်နာကြေးရရှိရေး အမှုဖွင့်တိုင်ကြားထားကြောင်း အလုပ်သမား မဟာမိတ်အဖွဲ့(WAG) မှ သိရသည်။ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အေကချိုင်ဘန်ဘောရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေကြသော ထိုင်း၊ လာအို၊ မြန်မာအလုပ်သမား ကျား၊မ စုစုပေါင်း ၁၀၀ ကျော်တို့အား လုပ်ငန်းရှင်သူဌေးက လုပ်အားခများ မရှင်းပေးဘဲ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
၎င်းတို့၏ လုပ်အားခများ မရရှိမည်ကို စိုးရိမ်သောကြောင့် မြန်မာအလုပ်သမားများက (WAG) အလုပ်သမားမဟာမိတ်အဖွဲ့သို့ အကူညီတောင်းခံလာသောကြောင့် မေ ၁၄ ရက်တွင် (WAG) အဖွဲ့သားများနှင့် (FED) အဖွဲ့သားများကအလုပ်သမားများနှင့် သွားရောက်တွေ့ဆုံကာ ထိုင်း၊ လာအို၊ မြန်မာ မခွဲခြားဘဲကူညီပေးရန် အတွက် မြို့နယ်ဆဝါဒီကန်ရုံးသို့ အကြောင်းကြားပေးခဲ့ကြောင်းသိရသည်။၎င်းတို့၏ အခွင့်အရေးကို တောင်းဆိုသဖြင့် (WAG) အဖွဲ့နှင့် Rak Thai Foundation တို့ပူးပေါင်းပြီး မြို့နယ်ဆဝါဒီကန်ရုံးသို့ သွားရောက်၍ ထွက်ပြေးသွားသောအလုပ်ရှင်ကို တရားစွဲရန်၊ အလုပ်သမားတို့ အတွက် နစ်နာကြေးနှင့်အလုပ်သမားအခွင့်အရေးများ ပြန်လည်ရရှိရန်အတွက် တိုင်ကြားပေး ခဲ့ကြောင်းသိရသည်။



