ရန်ကုန်၌ အလုပ်လုပ်ကိုင်နေသည့် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးကို စက်ရုံအလုပ် လစာကောင်းကောင်းရမည်ဟု မြူဆွယ်လိမ်လည်ခေါ်ယူသွားပြီး လက်ရှိတွင် မူဆယ်မြို့ရှိ တိုက်ခန်းတစ်ခုအတွင်း အတင်းအဓမ္မ ပိတ်လှောင်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။ယမန်နေ့ မေလ ၁၅ ရက်က ပျောက်ဆုံးနေသည့် မိန်းကလေးငယ်သည် အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရကြောင်း Viber မှတစ်ဆင့် မိသားစုထံ ဆက်သွယ်လာခဲ့ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ယင်းလိမ်လည်ခေါ်ဆောင်ခံရသူမှာ အသက် ၁၇ နှစ်အရွယ် မခင်သီတာစန်း ဖြစ်ပြီး ၎င်းသည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီးကျေးရွာအုပ်စု၊ ပျံချီကျေးရွာတွင် နေထိုင်သူဖြစ်သည်။ ၎င်းသည် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေစဉ်အတွင်း မူဆယ်တွင် လစာပိုရမည့်အလုပ် ရှိသည်ဟုဆိုကာ ပွဲစားမလီလီက မြူဆွယ်ခဲ့သဖြင့် မိသားစုဝင်များမသိဘဲ ပြီးခဲ့သည့် မေလ ၅ ရက်က မူဆယ်မြို့သို့ လိုက်ပါသွားပြီးနောက် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ယင်းလူပွဲစား မလီလီဆိုသူသည် ၎င်း၏ TikTok အကောင့်တွင်လည်း တရုတ်မယားအဖြစ် သွားရောက်လုပ်ကိုင်လိုသည့် အမျိုးသမီးများကို ပြောင်ပြောင်တင်းတင်း ရှာဖွေခေါ်ယူနေကြောင်း စုံစမ်းတွေ့ရှိရသည်။



