စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ လက်ရှိ ပဲတီစိမ်း ရိတ်သိမ်းချိန်ဖြစ်ပေမဲ့ ပဲအထွက်နှုန်း နည်းပါးတာနဲ့ ကုန်ကျစရိတ် မြင့်မားတာတွေကြောင့် တောင်သူတွေ အရှုံးပေါ်နေကြပါတယ်။ ဒါ့အပြင် ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် အလုပ်သမားတွေလည်း စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပဲစိုက်တောင်သူတွေက ပြောပါတယ်။ လက်ရှိမှာ ပဲတီစိမ်း တတင်းကို ငွေကျပ် ၁၁၀,၀၀၀ ကနေ ၁၁၅,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေကာ ဈေးကွက်ထဲမှာ အဝယ်ရှိနေပေမဲ့ တောင်သူအများစုကတော့ ပဲအထွက်နှုန်း နည်းပါးတဲ့အတွက် အမြတ်အစွန်း မရရှိဘဲ အရင်းသာသာရတာနဲ့ အရှုံးပေါ်တာတွေ ဖြစ်နေကြပါတယ်။ပဲတီစိမ်း စိုက်ပျိုးရာမှာ တဧကကို ကုန်ကျစရိတ် ငွေကျပ် ၁၅ သိန်းကျော်အထိ ရှိပြီး အထွက်နှုန်းအနေနဲ့ကတော့ မြေအမျိုးအစားပေါ် မူတည်ပြီး ကွာခြားမှုတွေ ရှိတယ်လို့ ပဲစိုက်တောင်သူတယောက်က ပြောပါတယ်။ နုန်းတင်မြေ အနည်းငယ်မှာသာ တဧကကို ပဲ ၂၅ တင်းကနေ ၃၀ အထိ ထွက်ရှိပေမဲ့ လယ်ဧက အများစုကတော့ တဧကကို တင်း ၂၀ အောက်သာ ထွက်ရှိတယ်လို့ ဆိုပါတယ်။



