မြစ်ဆုံ စီမံကိန်း အကောင်အထည်ဖော်ဖို့ အခုမေလထဲ စတင်လှုပ်ရှားလာနေတာကို တွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ နမ္မတီးမြို့က ဧရာဝတီမြစ် နဲ့ အရမ်းမနီးပေမယ့် မြစ်ဆုံ ရေကာတာ စီမံကိန်းပြီးရင် မီး တွေ ပုံမှန်ရနိုင်မယ့် သဘောမျိုး စည်းရုံးရေး ဆင်းတာလို့ ယူဆရတယ်လို့ သူက ပြောပါတယ်။ မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း ပြည်နယ်မိုးလုံလေလုံအားကစားခန်းမမှာ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနဲ့ စပ်လျဉ်းပြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များနဲ့ ဟိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်တဲ့ အသင်း အဖွဲ့များ၊ ကချင်ပြည်နယ် အတွင်းရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနဲ့ ဒေသခံပြည်သူများကို ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။ မြစ်ဆုံ တာတမံဟာ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ရေအားလျှပ်စစ် စီမံကိန်းဖြစ်ပြီး တရုတ်ကုမ္ပဏီများနဲ့ မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ စီမံကိန်းပြီးစီးပါက မဂ္ဂါဝပ်ထောင်ချီတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မယ်လို့ ဆိုထားေပမယ့် ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားအများစုကို တရုတ်နိုင်ငံသို့ တင်ပို့ဖို့ စီစဉ်ထားပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်ခြင်းနဲ့ ဒေသခံများ ရွှေ့ပြောင်းရနိုင်တာတွေကြောင့် လူထုကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။



