ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် စိန်မော့ကျေးရွာမှ ဇနီးမောင်နှံ ၂ ဦးသည် တောင်ယာလုပ်ကိုင်ရန် ခြံအတွင်းရှိ တောင်ယာတဲ၌ ညအိပ်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တောင်ကျရေနှင့်အတူ မျောပါသွားခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် မေ ၄ ရက်တွင် ယင်းဖြစ်စဥ် ဖြစ်ပွားခဲ့ပြီး တောင်ကျရေနှင့်အတူ မျောပါသွားသူများမှာ အသက် ၅၈ နှစ်အရွယ် ဦးဘန့်နှင့် အသက် ၅၆ နှစ်အရွယ် ဒေါ်မူကိုးတို့ဖြစ်ကြောင်း သိရသည်။ဒေသခံများ၏ ပြောကြားချက်အရ ၎င်းတို့ ၂ ဦးသည် တောင်ယာလုပ်ကိုင်ရန် ခြံအတွင်းရှိ တောင်ယာတဲတွင် နေထိုင် အိပ်စက်လေ့ရှိကြပြီး မိုးကြီးပြီးနောက် တောင်ကုန်းပေါ်မှ စီးဆင်းလာသည့် တောင်ကျရေ အရှိန်ကြောင့် တဲအိမ်နှင့်အတူ မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိအချိန်ထိ ရှာဖွေမှုများ ပြုလုပ်နေဆဲဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဦးဘန့်၏ ရုပ်အလောင်းကိုသာ မေ ၅ ရက်က ပြန်လည် တွေ့ရှိထားကြောင်း သိရသည်။သို့သော် ဇနီးဖြစ်သူ ဒေါ်မူကိုးကိုမူ လက်ရှိအချိန်အထိ ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေဆဲ ဖြစ် ကြောင်း သိရသည်။



