တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်ရှိ ဂျိုဂယေး (Jogye) ဘုရားကျောင်းတွင် ဗုဒ္ဓဟူးနေ့က ထူးခြားသော သာသနာ့ဘောင်သွတ်သွင်းခြင်း အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ကိုရီးယားဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။ကိုရီးယားဗုဒ္ဓဘာသာ၏ ဂျိုဂယေးဂိုဏ်းကြီးက ကြီးမှူးကျင်းပသည့် အဆိုပါအခမ်းအနားတွင် အရပ် ၁၃၀ စင်တီမီတာရှိသော G1 ဟု အမည်ပေးထားသည့် လူသားစက်ရုပ်ကို "ဂါဘီ" (Gabi) ဟူသော အမည်ရ ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် လက်ခံခဲ့ခြင်းဖြစ်သည်။ဤအခမ်းအနား၏ အထူးခြားဆုံးအချက်မှာ ဂျိုဂယေးဂိုဏ်းက စက်ရုပ်များအတွက် သီးသန့်ရည်ရွယ်၍ ပြုပြင်ပြင်ဆင်ထားသော "စက်ရုပ်ငါးပါးသီလ" ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စက်ရုပ်သီလ သက်ရှိသတ္တဝါတို့အား ညှဉ်းဆဲသတ်ဖြတ်ခြင်းမပြုရန်၊ အခြားသော စက်ရုပ်များနှင့် ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းမပြုရန်၊ လူသားများအား လှည့်ဖြားပြောဆိုခြင်းမပြုရန်နှင့် ဘက်ထရီအားသွင်းရာတွင် သတ်မှတ်ပမာဏထက် ပိုမိုသွင်းခြင်း (သို့မဟုတ်) အလွန်အကျွံ အားဖြည့်ခြင်းမပြုရန် စသည့်အချက်များ ပါဝင်သည်။ အခမ်းအနားအတွင်း ဗုဒ္ဓမြတ်စွာဘုရားအား သက်ဝင်ယုံကြည်ခြင်း ရှိ၊ မရှိ မေးမြန်းရာတွင်လည်း ဂါဘီက "မှန်ပါဘုရား၊ တပည့်တော် သက်ဝင်ယုံကြည်ပါသည်" ဟု ပြန်လည်ဖြေကြားခဲ့သည်။



