ထိုင်းနိုင်ငံ၊ Nakhon Ratchasima မှာ ရောင်းချနေတဲ့ သောက်ရေသန့်ဗူးတွေအတွင်း Salmonella ဘက်တီးရီးယားပိုးတွေ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် အစိုးရက အရေးပေါ် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ညွှန်ကြားလိုက်ပါတယ်။ မူလက တာယာပြုပြင်မွမ်းမံတဲ့ စက်ရုံဟောင်းတစ်ခုမှာ ဒီရေသန့်တွေကို ထုတ်လုပ်နေတာဖြစ်လို့ ထုတ်လုပ်မှုစံချိန်စံညွှန်းနဲ့ ဘေးကင်းလုံခြုံမှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ အကယ်လို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ဖောက်ဖျက်ထားကြောင်း တွေ့ရှိရရင် ထုတ်လုပ်သူကို ဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး ငွေဒဏ် ဘတ် ၅၀,၀၀၀ အထိ ချမှတ်ခံရနိုင်ပါတယ်။ Salmonella ဆိုတာဟာ လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းမှာ နေထိုင်လေ့ရှိတဲ့ ဘက်တီးရီးယားပိုးတစ်မျိုး ဖြစ်ပါတယ်။ ဒီပိုးဟာ များသောအားဖြင့် မသန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေကနေတစ်ဆင့် ကူးစက်တတ်ပြီး အစာအဆိပ်သင့်ခြင်းကို ဖြစ်စေပါတယ်။ ကူးစက်ခံရရင် ဗိုက်ရစ်ပြီး နာခြင်း၊ ပြင်းထန်စွာ ဝမ်းလျှောခြင်း၊ ဖျားခြင်းနဲ့ အော့အန်ခြင်းစတဲ့ လက္ခဏာတွေကို ခံစားရလေ့ရှိတာကြောင့် အခုလို သောက်ရေသန့်မှာ ပိုးတွေ့ရှိရတာဟာ ပြည်သူ့ကျန်းမာရေးအတွက် အလွန်စိုးရိမ်စရာ အခြေအနေ ဖြစ်ပါတယ်။လက်ရှိမှာ ဝန်ကြီးချုပ်ရုံးဝန်ကြီးက စားသုံးသူကာကွယ်ရေးဘုတ်အဖွဲ့ (OCPB) နဲ့ သက်ဆိုင်ရာဌာနတွေကို ပူးပေါင်းပြီး အဆိုပါစက်ရုံဟာ ဥပဒေနဲ့အညီ လည်ပတ်နေခြင်း ရှိ၊ မရှိကို အသေးစိတ် စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။
May 06 • 2:44 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


