ထိုင်းနိုင်ငံတောင်ပိုင်း၊ ပတ္တာနီခရိုင်၊ မာယောမြို့နယ်တွင် ယနေ့(မေလ ၄ ရက်) ညနေပိုင်းက ရဲတပ်ကြပ်ကြီးတစ်ဦး ချောင်းမြောင်းပစ်ခတ်ခံရပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု သိရသည်။သေဆုံးသူမှာ ထိုင်း-မလေးရှားနယ်စပ်အနီးရှိ ပတ္တာနီခရိုင်၊ ယာရင်(Yaring)မြို့နယ်၊ ရာတာပန်ယန်း (Ra Ta Pan Yang)ရဲစခန်းမှ အသက် ၅၀ အရွယ် ရဲတပ်ကြပ်ကြီး မယာကီဒီယော့ဖြစ်သည်။ ၎င်းသည် တာဝန်ပြီးဆုံး၍ ရုံးဆင်းပြီးနောက် ၎င်း၏ ပစ်ကပ်ကားဖြင့် နေအိမ်သို့ ပြန်လာစဉ် ဆာခေါဘွန်ကျေးရွာအုပ်စု၊ မွမ်ဝမ်ကျေးရွာ(ကျေးရွာအမှတ် ၂)ရှိ လမ်းဆုံအနီး၊ ၎င်း၏ နေအိမ်နှင့် မီတာ ၃၀၀ ခန့်အကွာသို့ ရောက်ရှိချိန်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။ကနဦး စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူ လက်နက်ကိုင်အဖွဲ့မှာ လူ လေးဦးခန့်ရှိပြီး ဆိုင်ကယ် နှစ်စီးကို အသုံးပြုခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။ သဲလွန်စများ သို့မဟုတ် မသင်္ကာဖွယ် လူပုဂ္ဂိုလ်များ ဒေသတွင်း လှုပ်ရှားနေသည်ကို တွေ့ရှိပါက အမှတ် (၄) တိုင်းဒေသကြီး ISOC ၏ Hotline ဖုန်းနံပါတ် ၁၃၄၁ (1341) နှင့် ဒေသတွင်း အထူးတပ်ဖွဲ့များထံသို့ ၂၄ နာရီလုံး ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်းနှင့် ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပူးပေါင်းစောင့်ကြည့်ပေးကြရန် ပန်ကြားထားသည်။
May 05 • 2:39 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


