အမေရိကန်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံ အဘူဒါဘီမြို့၌ ကျင်းပနေသည့် ရုရှားနှင့်ယူကရိန်း တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယ အကျော့မှာ ဖေဖော်ဝါရီ ၅ရက် တွင် ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယအကျော့တွင် ရုရှားနှင့်ယူကရိန်းကိုယ်စားလှယ်များက စစ်သုံ့ပန်းချင်းဖလှယ်မှုပြုလုပ်ရန်နှင့် နှစ်နိုင်ငံ တိုက်ရိုက်ဆွေးနွေးပွဲများ မကြာမီကာလအတွင်း ပြန်လည်စတင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။
ဖေဖော်ဝါရီ ၅ ရက် အဘူဒါဘီဆွေးနွေးပွဲများတွင် ရုရှားနှင့် ယူကရိန်းကိုယ်စားလှယ်များက စစ်သုံ့ပန်း ၃၁၅ ဦးစီကို ပြန်လွှတ်ပေးရန် သဘောတူထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်က ထုတ်ဖော်ပြောကြားထားသည်။ဖေဖော်ဝါရီ ၅ ရက်မှာပင် စတင်ခဲ့သော ရုရှားနှင့် ယူကရိန်းတို့အကြားအထက်ပါ စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှုသည် ငါးလတာကာလအတွင်းပထမဆုံး စစ်သုံ့ပန်းချင်း အပြန်အလှန် ဖလှယ်မှုဖြစ်ခဲ့ရသည်။ရုရှားနှင့် ယူကရိန်းတို့၏ အဘူဒါဘီငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်အမေရိကန်အထူးသံတမန် စတိဗ်ဝစ်ကော့ဖ် ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဝင်များလည်း ပါဝင် တက်ရောက်ခဲ့ကြသည်။



