သမ္မတ ဒေါ်နယ်ထရန့်၏ Truth Social လူမှုကွန်ရက်အကောင့်တွင် အိုဘားမား ဇနီးမောင်နှံအား လူမျိုးရေးခွဲခြားသည့် ပုံစံဖြင့် သရုပ်ဖော်ထားသော ဗီဒီယိုတစ်ခု တင်ခဲ့ခြင်းကြောင့် ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါ ဗီဒီယိုကို ပြန်လည် ဖြုတ်ချလိုက်ပြီ ဖြစ်သည်။အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် ဝန်ထမ်းတစ်ဦးမှ မှားယွင်းစွာ တင်မိခြင်းဖြစ်ပြီး ယခုအခါ ပြန်လည်ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း ဆိုသည်။ ဘားရက် အိုဘားမားနှင့် မီရှဲလ် အိုဘားမားတို့၏ ဦးခေါင်းများကို တောတွင်း၌ “The Lion Sleeps Tonight” သီချင်းဖြင့် ကခုန်နေသော မျောက်ဝံကိုယ်ထည်များပေါ်တွင် ပုံဖော်ထားသည့် အဆိုပါဗီဒီယိုသည် ထရမ့်၏ Truth Social စာမျက်နှာပေါ်တွင် ၁၂ နာရီနီးပါး ရှိနေခဲ့သည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လဲဗစ် က ယင်းပို့စ်မှာ “အင်တာနက် ဟာသ (Meme)” တစ်ခုသာဖြစ်ကြောင်း ကာကွယ်ပြောဆိုပြီး နာရီပိုင်းအကြာတွင်မှ ဗီဒီယိုကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။လဲဗစ်က ပြောကြားရာတွင် “ဒါဟာ သမ္မတ ထရမ့်ကို တောဘုရင်အဖြစ်နဲ့ ဒီမိုကရက်တွေကို Lion King ဇာတ်ကားထဲက ဇာတ်ကောင်တွေအဖြစ် သရုပ်ဖော်ထားတဲ့ အင်တာနက် ဟာသဗီဒီယိုတစ်ခုပါ။ လုပ်ကြံဒေါသထွက်နေတာတွေကို ရပ်ပြီး အမေရိကန်ပြည်သူတွေအတွက် တကယ်အရေးပါတဲ့ သတင်းတွေကိုပဲ တင်ပြကြပါ” ဟု ဆိုခဲ့သည်။အမေရိကန်ထရမ့်တင်ခဲ့သည့် မူရင်းဗီဒီယိုတွင် ထရမ့်ကို ခြင်္သေ့အဖြစ် သရုပ်ဖော်ထားသည်။ အိုဘားမား ဇနီးမောင်နှံကိုမူ ပြုံးဖြီးကာ ကခုန်နေသည့် မျောက်ဝံများအဖြစ် သရုပ်ဖော်ထားသည်။ ဗီဒီယိုတွင် ပါဝင်သည့် အခြားဒီမိုကရက်များမှာ ဂျိုးဘိုင်ဒင်ကို ဘာဘွန်းမျောက်၊ ကာမလာ ဟဲရစ်ကို လိပ်၊ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ချပ်ရှူးမား ကို မြင်းကျား၊ အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဟာကင်း ဂျက်ဖရီကို မြေခွေးငယ်၊ အလက်ဇန်းဒရီးယား အိုကာစီယို-ကော်တက်ဇ် ကို မြည်း၊ နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီကို တောခွေးရိုင်း နှင့် ဟီလာရီ ကလင်တန်ကို တောဝက်အဖြစ် အသီးသီး သရုပ်ဖော်ထားသည်။



