ရန်ကုန်မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားတဲ့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားကို ဖေဖော်ဝါရီ ၆ ရက်၊ မနက်ပိုင်းက ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေး လုပ်ငန်းတွေကတော့ (၂၀၁၉) ခုနှစ်၊ မေလမှာ စတင်ခဲ့တာ ဖြစ်ပြီး ၇ နှစ်အကြာမှာ တံတားကို ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ကာ မြန်မာနိုင်ငံရှိသံမဏိကြိုးဆိုင်း တံတား တွေအနက် အကြီးဆုံး နဲ့ အရှည်ဆုံးတံတား ဖြစ်လာမှာ ဖြစ်ပါတယ်။ဒီတံတားကို တန်ချိန် (၁၅၀၀၀) ရှိတဲ့ ပင်လယ်ကူး သင်္ဘောကြီးတွေနဲ့ ပြည်တွင်းရေကြောင်းသွား သင်္ဘောကြီးတွေ တံတားအောက်က ဖြတ်သန်းသွားလာနိုင်အောင်လို့ တံတားကင်းလွတ်အမြင့်ပေနဲ့ အကျယ်ပေတွေကို အမြင့်ဆုံးထားပြီး ချဉ်းကပ်တံတားနဲ့ ဆင်ခြေလျှောတံတားတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ တွက်ချက်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားကို ကိုရီးယားနိုင်ငံ စီးပွားဖွံဖြိုးမှု ရန်ပုံငွေချေးငွေနဲ့ အစိုးရ ထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၈၈) သန်းကျော်လောက် အကုန်ကျခံပြီး တည်ဆောက် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတံတားရဲ့ တချို့နေရာတွေမှာ လမ်းအနိမ့်အမြင့် Gradient မတ်စောက်တာကြောင့် ယာဉ်အန္တရာယ်ကင်းရှင်း စေရေး အတွက် ယာဉ်အမျိုးအစားတချိုကို ဒလတံတားပေါ်ဖြတ်သန်းခွင့် ကန့်သတ်သွားမယ်လို့လည်း ဆောက် လုပ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။အခုတံတားကြီး ဖွင့်လှစ်လိုက်တဲ့အတွက် ရန်ကုန်မြို့ကနေ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တွေ၊ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့ကနေတစ်ဆင့် ဖျာပုံ၊ ဘိုကလေးမြို့တွေနဲ့ ကမ်းခြေဒေသတွေကို အလွယ် တကူဆက်သွယ်သွားလာနိုင်တော့မယ်လို့ သိရပါတယ်။ဒီတံတားကြီးဖွင့်လှစ်နိုင်ခဲ့တာဟာ ဒေသတွင်း လူမှုရေး ၊ စီးပွားရေး၊ ပညာရေး ၊ကျန်းမာရေးနဲ့ သယ်ယူပိုဆောင် ရေး ကဏ္ဍ ဖွံဖြိုးတိုးတက်မှု အပါအဝင် ကဏ္ဍပေါင်းစုံမှာ ဖွံဖြိုးတိုးတက်လာပြီး ရန်ကုန်မြိုတော်ရဲ့အထင်ကရ ပြယုဂ် တံတားတစ်စင်းဖြစ်လာမှာဖြစ်သလို နိုင်ငံတကာတံတားသတ်မှတ်ချက် စံချိန်စံညွှန်းတွေနဲ့အညီ တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


