ရန်ကုန်နှင့် နေပြည်တော်ကြားပြေးဆွဲနေသည့် အဲကွန်းပါခေတ်မီ DEMU ရထားသစ်ကို ဖြူးမြို့နယ်၊ ကားလမ်းကူးနေရာမှ ခဲဖြင့်ပစ်ပေါက်ခဲ့သူကို အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်။အဆိုပါ အမှတ်(၇) အဆန် DEMU ရထားကို ဖြူးနှင့် ဇေယျဝတီဘူတာအကြား ခဲဖြင့်ပစ်ပေါက်ခဲ့သူ ထက်ဦးလွင်(ခ) ငထော်နီကို တောင်ငူခရိုင်တရားရုံးမှ ရာဇသတ်ကြီးမှုအမှတ် ၁၂၅/၂၀၂၅ ဖြင့် ဒီဇင်ဘာလ ၅ ရက်တွင် ရထားပို့ဆောင်ရေး လုပ်ငန်း ဥပဒေပုဒ် ၈၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်အရေးယူဆောင်ရွက်ခဲ့ကြောင်း ယနေ့(ဖေဖော်ဝါရီ ၄ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထားသည်။ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်ကလည်း ရန်ကုန်မြို့ပတ်လမ်းပိုင်းအတွင်း အင်းစိန်-လှော်ကား ပြေးဆွဲပေးလျက်ရှိသည့် RBE ရထားအမှတ် ခ-၇ ရထားကို တညင်းကုန်းဘူတာနှင့် လှော်ကားဘူတာအကြား၌ အမည်မသိသူတစ်ဦးမှ ခဲဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ရထားမှန်များ ပျက်စီးသွားခဲ့ရာ တာဝန်ရှိသူများမှ ဥပဒေအရအမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာသို့ ဖေဖော်ဝါရီလ ၁ ရက်တွင် သွားရောက်စုံစမ်းရာ၌ ခဲဖြင့်ပစ်ပေါက်ခဲ့သူ လေးဦးဖြစ်သော ရွှေပြည်သာမြို့နယ်နေ ထိန်းလင်းအောင်၊ ပြည်ဖြိုးအောင်၊ ချမ်းမြေ့အောင်၊ ကောင်းမြတ်မင်း ဆိုသူတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ယနေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက် ၁၀ နာရီခွဲအချိန်ခန့်ကလည်း ရန်ကုန်-နေပြည်တော် လမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် အမှတ်(၃၁) အဆန် DEMU ရထားကို ရေတာရှည်မြို့နယ်၊ မြို့လှဘူတာနှင့် ရေနီဘူတာအကြား ဖြတ်သန်းနေစဉ် ခဲဖြင့်ပစ်ပေါက်ခံရပြီး ရထားမှန်များ ပျက်စီးသွားခဲ့ရာ ရေနီဘူတာတွင်ခေတ္တရပ်နား၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။



