ရှမ်း - ကရင်နီ နယ်စပ် ၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံများကပြောသည်။ ယမန်နေ့ နံနက် ၉ နာရီ ဝန်းကျင်တွင် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းတွင် လမ်းကူးနေသည့် အသက် ၆ နှစ်အရွယ် ကလေးငယ်ကို အရှိန်ဖြင့်မောင်းလာသော ကားတစ်စီးက တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။" ဒီနေ့မနက် အလှူရှင်တွေအာဟာရ လာကျွေးတော့ စားပြီးအပြန်မှာ သစ်တင်ကားကြီးတစ်စီး ကို ဖြတ်ကျော်လာတဲ့ အနောက်က ကားတစ်စီးက တိုက်မိသွားတာ။ သူက လမ်းဖြတ်ကူးတဲ့အချိန် ကားကလည်း အရှိန်နဲ့ လာတဲ့ အချိန်မှာ တိုက်မိသွားတာ " ဟု နေရပ်စွန့်ခွာရသူများကို ကူညီဆောင်ရွက်ပေးနေသည့် ကိုရာဇာက ဖြစ်စဥ်ကို ပြောပြသည်။ ထို့နောက် ဆေးရုံဆေးခန်းသို့ ပို့ဆောင်ပေးရန် ဆောင်ရွက်ကြသော်လည်း နံနက် ၁၀ နာရီ ဝန်းကျင်တွင် အသက်သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။



