ONE Championship ပရိုမိုးရှင်းဟာ မြန်မာဖိုက်တာ (၄) ဦးပါဝင်တဲ့ ONE Friday Fights 141 ပြိုင်ပွဲကို ပြိုင်ပွဲကျင်းပမယ့်ရက်ရဲ့ (၂) ရက်အလိုဖြစ်တဲ့ ဒီကနေ့ ဖေဖော်ဝါရီ (၄) ရက်မှသာ တရားဝင် သတင်းထုတ်ပြန်နိုင်ခဲ့ပါတယ်။ONE Friday Fights 141 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ (၄) ဦးဖြစ်တဲ့ ရဲရင့်နောင်၊ စိုးနောင်ဦး၊ စောမင်းမင်း၊ လင်းထက်အောင်တို့ရဲ့ တွဲဆိုင်းတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို လာမယ့်ဖေဖော်ဝါရီ ၆ ရက်၊ သောကြာညမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအား ကစားရုံမှာ ကျင်းပမှာဖြစ်ပါတယ်။
ပြိုင်ပွဲကို တွဲဆိုင်း ၁၄ ဆိုင်း ထည့်သွင်းကျင်းပမှာဖြစ်ပြီး မြန်မာဖိုက်တာ (၄) ဦးရဲ့ တွဲဆိုင်းများကိုလည်း ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ ONE Championship ဟာ အခုတစ်ပတ်မှာ ကျင်းပမယ့် ONE Friday Fights 141 ပြိုင်ပွဲကစပြီး ရုပ်သံထုတ်လွှင့်မှု မူပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေ ပြုလုပ်ထားတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲ့ဒီရုပ်သံမူပိုင်ခွင့်ကိစ္စရပ်တွေကြောင့်ပဲ ပြိုင်ပွဲရဲ့ တွဲဆိုင်းတွေကို တရားဝင်ထုတ်ပြန်ဖို့ရာ နောက်ကျနေခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။
ပြိုင်ပွဲမှာ တွဲဆိုင်း (၁၄) ဆိုင်းပါဝင်မှာဖြစ်ပေမဲ့ အရင်လို တွဲဆိုင်းအားလုံးကို ONE Championship ရဲ့Facebook နဲ့ Youtube တွေကနေ အခမဲ့ ကြည့်ရှုနိုင်တော့မှာ မဟုတ်ကြောင်း သိရပါတယ်။ မြန်မာဖိုက်တာ (၄) ဦးအနက် ရဲရင့်နောင်က အစောဆုံးအဖြစ် ပွဲစဥ် (၄) ဖလိုင်းဝိတ်မွေထိုင်းမှာ မလေးရှား/ အမေရိကန်ဖိုက်တာ ဂျိုဟန်ဂါဇာလီ (ဂျိုဂျို)၊ လင်းထက်အောင်က ပွဲစဥ် (၈) စတောဝိတ်မွေထိုင်းမှာ ဂျပန်ဖိုက်တာ ဟာရာယုကီတာနစ်ဆု၊ စိုးနောင်ဦးက ပွဲစဥ် (၁၁) စတောဝိတ်မွေထိုင်းမှာ ထိုင်းဖိုက်တာ ဖေ့စ်အီရာဝမ်၊ စောမင်းမင်းက ပွဲစဥ် (၁၃) ဘင်တမ်ဝိတ်မွေထိုင်းမှာ ထိုင်းဖိုက်တာ ဒတ်ချာဝါလစ်တို့နဲ့ ယှဥ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။ပြိုင်ပွဲမှာ ထိုးသတ်မယ့် မြန်မာဖိုက်တာ (၄) ဦးထဲမှာ စောမင်းမင်းနဲ့ စိုးနောင်ဦးတို့က ONE Championship မှာ ထိုးသတ်ဖူးသူများဖြစ်ပြီး ကျန်နှစ်ဦးဖြစ်တဲ့ ရဲရင့်နောင်နဲ့ လင်းထက်အောင်တို့က အခုမှ ပထမဆုံးထိုးသတ်ကြမှာဖြစ်ပါတယ်။ ရဲရင့်နောင်နဲ့ ထိုးသတ်မယ့် မလေးရှား /အမေရိကန်ဖိုက်တာ ဂျိုဟန်ဂါဇာလီ (ဂျိုဂျို) ဟာ အသက် ၁၉ နှစ်သာရှိသေးတဲ့ လူငယ်ဖိုက်တာဖြစ်ပြီး ONE Championship မှာ ဒေါ်လာ တစ်သိန်း တန်စာချုပ် ရရှိထားသူဖြစ်ပါတယ်။ ဂျိုဟန်ဂါဇာလီ (ဂျိုဂျို) ဟာ ONE Championship မှာ ပထမဆုံးပွဲအဖြစ် လွန်ခဲ့တဲ့ သုံးနှစ်ဖြစ် သော ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီအတွင်းက (အသက် ၁၆ နှစ်သာရှိသေး) ONE Friday Fights 6 ပြိုင်ပွဲမှာ ပြိုင်ဘက်ဖိုက်တာကို (၁၆) စက္ကန့်နဲ့ အလဲထိုးခဲ့ပါတယ်။ ONE Championship ဟာ အဲ့ဒီပွဲအပြီးမှာတင် ဂျိုဟန်ဂါဇာလီ (ဂျိုဂျို) ကို ဒေါ်လာ တစ်သိန်းတန်စာချုပ် ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ ဂျိုဟန်ဂါဇာလီ (ဂျိုဂျို) ဟာ ONE Championship မှာ ၁၀ ပွဲထိုးသတ်ထားပြီး ခုနစ်ပွဲနိုင်၊ သုံးပွဲရှုံးနိမ့် ထားကာ အနိုင်ရရှိထားတဲ့ ခုနစ်ပွဲမှာ အလဲထိုးခြောက်ပွဲ ပါဝင်နေကြောင်း သိရပါတယ်။ ဂျိုဟန်ဂါဇာလီ (ဂျိုဂျို) ဟာ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာအတွင်းက မော်ရိုကိုဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုး သတ်ထားပြီး ပထမအချီမှာတင် အလဲထိုးနဲ့ အနိုင်ရထားပါတယ်။ မြန်မာဖိုက်တာ ရဲရင့်နောင်ဟာ ONE Championship မှာ အခုမှပထမဆုံးထိုးသတ်မှာ ဆိုပေမဲ့ သူဟာ Thai Fight League မွေထိုင်းပြိုင်ပွဲ များမှာ ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာများအပါအဝင် နိုင်ငံတကာမွေထိုင်းဖိုက်တာပေါင်းများစွာနဲ့ ထိုးသတ်ဖူးတဲ့ ဝါရင့်ဖိုက်တာတစ်ဦးဖြစ်ပါတယ်။ ရဲရင့်နောင်ဟာ လက်ရှိမှာ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မွေထိုင်း လေ့ကျင့်ရေးစင်တာဖြစ်တဲ့ Venum Training Camp မှာ အဖွဲ့ဝင်အသင်းသားအဖြစ် လေ့ကျင့်နေလျက်ရှိပါတယ်။



