ရေအောက် မီတာ ၅၇၀၀ နက်သော ပင်လယ်ကြမ်းပြင်မှ မြေရှားသတ္တုများ ပါဝင်သည်ဆိုသော ရွှံ့နွံများကို သင်္ဘောတစ်စီးပေါ်သို့ စုပ်တင်ရာတွင် ဂျပန်သုတေသီများ အောင်မြင်ခဲ့ကြောင်း သိရသည်။ပင်လယ်ပြင်မြေလွှာသိပ္ပံနှင့် နည်းပညာဆိုင်ရာ ဂျပန်အေဂျင်စီ - JAMSTEC မှ စူးစမ်းလေ့လာရေးရေယာဉ် Chikyu သည် ဇန်နဝါရီလကတည်းက ပင်လယ်ကြမ်းပြင် ရွှံ့မြေများကို စမ်းသပ် တူးဖော်နေခဲ့သည်။ယင်းစမ်းသပ် တူးဖော်နေသော နေရာသည် ပစိဖိတ်သမုဒ္ဒရာမှ ဂျပန်ပိုင် မီနာမီတိုရီရှီမာကျွန်း အရှေ့တောင်ဘက် ၁၅၀ ကီလိုမီတာအကွာ ဂျပန်အထူးစီးပွားရေးဇုန်အတွင်း တည်ရှိကြောင်း သိရသည်။ဂျပန်အစိုးရအဖွဲ့ရုံးက ဦးဆောင်သော စီမံချက်အရ စမ်းသပ်မှုကို လုပ်ဆောင်ခြင်းဖြစ်ကာ ရွှံ့နွံများအား စုပ်ယူရန် ပြင်ဆင်မှုများကို သောကြာနေ့က စတင်ခဲ့ပြီး တနင်္ဂနွေနေ့တွင် ရွှံ့နွံများကို သင်္ဘောပေါ်သို့ တင်ဆောင်နိုင်ခဲ့သည်။ပင်လယ်ရေအောက်သို့ ချလိုက်သော ပိုက်ထိပ်၌ ရွှံ့နွံစုပ်သည့်ကိရိယာတပ်ဆင်၍ စုပ်တင်ခြင်းဖြစ်သည်။ ယင်းနည်းလမ်းကို အသုံးပြု၍ လွန်ခဲ့သော ၄ နှစ်က ပင်လယ်ကြမ်းပြင် အနက် ၂၄၇၀ မီတာမှ ရွှံ့နွံများကိုလည်း စုပ်တင်၍ စမ်းသပ်ခဲ့သေးသည်။ ယခုနောက်ဆုံး စမ်းသပ်မှုအရ ၎င်းတို့၏ စနစ်သည် ရေဖိအား အလွန်များသော ၂ ဆ နက်ရှိုင်းသည့် ပင်လယ် ကြမ်းပြင်မှာပင် အလုပ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု သုတေသီများက ပြောကြားကြသည်။



