တနင်္သာရီတိုင်း၊မြိတ်-ထားဝယ် ပြေးဆွဲနေသည့် ခရီးသည်တင်အမြန်ရေယာဉ် စပိတ်ဘုတ်တစ်စီးသည် ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြစ်အတွင်း ပစ်ခတ်ခံရပြီး အမြန်ရေယာဉ်မောင်းနှင့် ခရီးသည် သုံးဦးထက်မနည်း ဒဏ်ရာရကြောင်း ဒေသခံများနှင့် အမြန်ရေယဉ် လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။မြိတ်မြို့မှ ထားဝယ်မြို့သို့ ခရီးသည် ၁၀ကျော်ဖြင့် ထွက်ခွာလာသည့် စပိဘုတ်အား သရက်ချောင်းမြို့နယ် ဆင်းကျန်းနှင့် ကျွဲစပ်ကျေးရွာကြားရှိ ထားဝယ်မြစ်အတွင်း ယနေ့ ဖေဖော်ဝါရီလ ၃ရက် နံနက် ၁၁ နာရီခန့်တွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ပစ်ခတ်ကြောင်း အမြန်ရေယာဉ်လုပ်ငန်းနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။ဒဏ်ရာရသူများကို ထားဝယ်မြို့ဆေးရုံကြီးနှင့် သရက်ချောင်းမြို့ဆေးရုံတို့ကို အသီးသီးပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပစ်ခတ်ခံရမှုကြောင့် အမြန်ရေယာဉ်မောင်းဖြစ်သူ၏ ရင်ဘတ်တွင် ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်ကြောင်း အမြန်ရေယာဉ်လုပ်ငန်းနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ဆိုသည်။ ခရီးသည် နောက်တစ်ဦးမှာ ခြေထောက်တွင် ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်သဖြင့် ၎င်းတို့နှစ်ဦးကို ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။ကျန်သည့် ခရီးသည်နှစ်ဦးမှာ ဒဏ်ရာ မပြင်းထန်သဖြင့် သရက်ချောင်းမြို့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အမြန်ရေယာဉ် ခရီးသွားလုပ်ငန်းနှင့် နီးစပ်သူက ပြောဆိုသည်။အမြန်ရေယာဉ်ပစ်ခတ်မှုကို မည်သည့် လက်နက်ကိုင်တပ်ဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။



