လူသိများတဲ့ ဒေါ်မြရင်အမှတ်တံဆိပ် ဝက်အူချောင်း၏ ထုပ်ပိုးမှု ဒီဇိုင်းအား ခွင့်ပြုချက်မရှိဘဲ တုပ နေသူများအား မူလပိုင်ရှင်မှ ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှတဆင့် အသိပေးကြေညာထားပါတယ်။ယခုအခါ ဈေးကွက်အတွင်း၌ ဒေါ်မြရင် ဝက်အူချောင်း၏ ထုပ်ပိုးအိတ်ဒီဇိုင်းဖြင့် ဝက်အူချောင်းနှင့် စားသောက်ကုန်များကို ဆင်တူယိုးမှား ဖြန့်ဖြူးရောင်းချလျက်ရှိတာကို မြင်တွေ့နေရသည့်အတွက် မူလ ပိုင်ရှင်၏ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ ထုပ်ပိုးအိတ်ဒီဇိုင်း၏ တစ်စိတ်တစ်ဒေသကို ဖြစ်စေ၊ ထပ်တူထပ်မျှဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ပုံတူပုံမှား၊ ထင်ယောင်ထင်မှား တုပ၍ဖြစ်စေ ဆက်လက် ဆောင်ရွက်နေပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ တရားစွဲဆို အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။ဒေါ်မြရင် အမှတ်တံဆိပ် ဝက်အူချောင်းနှင့် စားသောက်ကုန်လုပ်ငန်းဟာ ၁၉၆၀ ပြည့်နှစ် ကတည်းက ယနေ့အချိန်အထိ အစဉ်တစိုက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယင်းအမည်နှင့် အမှတ်တံဆိပ်ကို သုံးစွဲကြောင်း မြွက်ဟကြေညာစာချုပ်အား မန္တလေးမြို့တော် စာချုပ်စာတမ်း မှတ်ပုံတင်ဌာနမှူးရုံး၌ တရားဝင်မှတ်ပုံတင်သွင်း ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် လက်မှတ်ရရှိထားသော ထုတ်ကုန်များဖြစ်ပြီး ယနေ့အချိန်အထိလည်း ဝက်အူချောင်းနှင့် စားသောက်ကုန်ထုတ်လုပ်မှုကို အဆင့်မြင့် နည်းပညာများဖြင့် ထုတ်လုပ်နေသလို ထုပ်ပိုးမှုပုံစံများကိုလည်း ခေတ်နှင်လျော်ညီစွာ ပြင်ဆင်ထုပ်ပိုး၍ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချနေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တယ်လို့လည်း အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။



