ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ပင်ဖြစ်ဈေးမှ ဈေးကောက် လေလံရသူက လက်ရှိတွင် အဆမတန် ကောက်ခံနေသကဲ့သို့ ယခုနှစ်တွင် ဈေးနှုန်းများ ထပ်တိုးမည်ကို စိုးရိမ်နေရကြောင်း ဈေးသူ၊ ဈေးသားများထံမှ သိရသည်။ယခင်ကပင် ဆိုင်ခန်းများအပေါ် ဈေးကောက် အဆမတန် ကောက်ခံနေမှုကြောင့် ဈေးသူ၊ ဈေးသားများမှာ နှစ်စဉ်လို စိတ်ဆင်းရဲနေရကြောင်း ဈေးသည်များက မဲခေါင်သို့ ပြောသည်။ပင်ဖြစ်ဈေးရှိ ပျံကျ ၄ ပေပတ်လည် တစ်ခုံလျှင် သတ်မှတ်ဈေး ၃၀၀ ကျပ်သာ ရှိသော်လည်း ဒေါ်လှမြင့်ကြည်က ဈေးနေ့တွင် ၁၅၀၀ ကျပ်မှ ၂ ထောင်ကျပ်နှင့် ကြားရက်များတွင် တစ်ထောင်ကျပ်အထိ ကောက်ခံနေသည်ဟု ဆိုသည်။ ဆိုင်ခန်းများကိုမူ ဈေးနေ့တွင် ကျပ်တစ်သောင်းကျော်နှင့် ကြားရက်များတွင် ၆ ထောင်ကျပ်အထိ ကောက်ခံနေရာမှ ထပ်မံ တိုးမြှင့်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ယခင်လေလံသမားများ လက်ထက်က ပျံကျဈေးသည်တစ်ရက်လျှင် ၂၀၀ ကျပ်မှ ၃၀၀ ကျပ်ခန့်သာရှိပြီး၊ ဆိုင်ခန်းများမှာလည်း တစ်လလျှင် ၈ ထောင် ကျပ်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။ ယခုအခါ ဆိုင်ခန်းဈေးမှာ တစ်လလျှင် ၄ သောင်းကျပ်မှ သိန်းကျော်အထိ အစားစား ရှိနေသည်။



