ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ မဟာဗောဓရုံကျောင်းတိုက်တွင်အသက် ၁၆ နှစ်အရွယ် သတ္တမတန်းကျောင်းသားများဖြစ်သည့် လူငယ်နှစ်ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က ကျောင်းဝင်းအတွင်း ဝင်ရောက်၍ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော် ဦးကေသရကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ဆရာတော် သတ်ဖြတ်ခြင်းမခံရမီက ကျောင်းဝင်းအနီးတွင် ကျောင်းသားတစ်စု ရန်ဖြစ်နေကြသဖြင့် ဆရာ တော်က လေးဂွဖြင့်ပစ်ခတ်၍ တားဆီးခဲ့ကြောင်း၊ ထိုသို့တားဆီးရာတွင် လက်မောင်းကို လေးဂွ ထိမှန်ခဲ့သည့် ကျောင်းသားနှစ်ဦးက ဆရာတော်ကို အငြိုးထားပြီး တူ၊ ဓားတို့ဖြင့် ကျောင်းဝင်းအတွင်း ဝင်ရောက်၍ ရက်စက်စွာ ပြန်လည်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။လူသတ်မှုကျူးလွန်ခဲ့သည့် ကျောင်းသားနှစ်ဦးကို အခင်းဖြစ်ပွားရာနေရာ၌ ကျကျန်ခဲ့သော လက်ကိုင် ဖုန်းမှတစ်ဆင့် ခြေရာခံကာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။



