မြန်မာနိုင်ငံမှာ နီပါးရ်ဗိုင်းရပ်ရောဂါပိုး မတွေ့ရှိရသေးဘဲ အင်တာနက်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလသတင်းမှားများကို မယုံကြည်ရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ယခင်က ကူးစက်ဖြစ်ပွားခဲ့ဖူးခြင်းမရှိခဲ့တဲ့အပြင် ယခုအချိန်မှာလည်း ရောဂါကူးစက် ဖြစ်ပွားသူမရှိတဲ့ နီပါးရ်ဗိုင်းရပ်စ်ရောဂါနဲ့ဆက်စပ်ပြီး လူမှုကွန်ရက်အင်တာနက် စာမျက်နှာများပေါ်မှာ ပျံ့နှံ့နေတဲ့ ကော လာဟလများ၊သတင်းအမှားများကို ယုံကြည်ခြင်း မပြုကြရန်လိုအပ်ကြောင်း၊ အဆိုပါရောဂါနှင့် ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင် အသိပေးနှိုးဆော်ချက်များနှင့် သတင်းထုတ်ပြန်ချက်များကိုသာ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိစွာဖြင့် လိုက်နာကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ပြည်သူများအနေနဲ့ လတ်တလော နီပါးဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေတဲ့ ဒေသများ (ဥပမာ - ယခုအခါအနောက် ဘင်္ဂလားပြည်နယ်) သို့ မလိုအပ်ဘဲ ခရီးမသွားရန်၊ လတ်တလော ရောဂါဖြစ်ပွားရာ ဒေသများသို့ ရောက်ရှိနေသူများလည်း ရောဂါ ဖြစ်ပွားရာ ဒေသများရှိ ဆေးရုံများ သို့မဟုတ် ဖျားနာသူ များပြားသည့် နေရာများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမပြုရန် ကျန်းမာရေးဝန်ကြီးဌာန က တိုက်တွန်းထားပါတယ်။



