ထိုင်းနိုင်ငံ အမျိုးသား ရေအရင်းအမြစ်ရုံး (ONWR) က မြေနိမ့်ပိုင်း မြစ်ကမ်းနားနေ ပြည်သူတွေကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၄ ရက်အထိ ဒီရေတက်မယ့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးလိုက်ပါတယ်။ အရှေ့မြောက်မုတ်သုံလေရဲ့ အရှိန်ကြောင့် ရေမျက်နှာပြင် ပိုမိုမြင့်တက်လာနိုင်ပြီး ရေကာတာ အားနည်းတဲ့ နေရာတွေမှာ ရေလျှံတာတွေ ဖြစ်နိုင်သလို ဆားငန်ရေ ဝင်ရောက်မှု ပိုဆိုးလာပြီး ပိုက်လိုင်းရေ အရည်အသွေးကိုပါ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ONWR ရဲ့ အဆိုအရ ကျောက်ဖရား၊ သာချင်နဲ့ မဲကလောင် မြစ်တွေမှာ ဒီရေနဲ့ မုတ်သုံလေ ပေါင်းစပ်ပြီး ရေမျက်နှာပြင် ပုံမှန်ထက် မြင့်တက်လာနိုင်တဲ့အတွက် မြစ်ကမ်းဘေး ရေကြီးမှု အန္တရာယ် ရှိနေပါတယ်။ အထူးသဖြင့် ရေကာတာ အပြင်ဘက်က ရပ်ရွာတွေနဲ့ အမြဲတမ်း ရေကာတာ မရှိတဲ့ နေရာတွေမှာ စိုးရိမ်ရပြီး ဆုခွန်ဗစ်၊ ဆုဆာဝပ်နဲ့ ရာမ ၂ လမ်းမကြီးတွေပေါ်မှာလည်း ရေတက်လာနိုင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာကြောင့် ဆားငန်ရေတွေ မြစ်ညာဘက်အထိ ဝင်ရောက်လာနိုင်ပြီး အိမ်သုံးရေ အရည်အသွေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကိုပါ ထိခိုက်နိုင်ပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ ဘန်ကောက်၊ စမွတ်ပရာကန်၊ နွန်ထဘူရီ၊ ပထုံဌာနီ၊ စမွတ်စခွန်၊ နခွန်ပထုံနဲ့ စမွတ်စုန်ခရမ် စတဲ့ ဒေသတွေမှာ သက်ဆိုင်ရာ ဌာနတွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ အနေနဲ့ ပစ္စည်းတွေကို မြင့်တဲ့နေရာ ရွှေ့ပြောင်းထားဖို့နဲ့ ONWR ရဲ့ ထုတ်ပြန်ချက်တွေကို Thai Water အက်ပ်ကနေတဆင့် စောင့်ကြည့်ကြဖို့ အကြံပြုထားပါတယ်။ ရေကာတာတွေ ပျက်စီးနေရင် တာဝန်ရှိသူတွေကို အကြောင်းကြားဖို့၊ ဆားငန်ရေ ဝင်ရောက်ချိန်မှာ ရေအရသာ ပြောင်းနိုင်တာကြောင့် ရေသိုလှောင်ထားဖို့နဲ့ ဒီရေတက်ချိန်မှာ ရေကြီးနိုင်တဲ့ လမ်းကြောင်းတွေကို ရှောင်ရှားသွားလာကြဖို့လည်း တိုက်တွန်းထားပါတယ်။



