ရန်ကုန်သာစည်နဲ့ သပြေဝမှာရှိတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းနှစ်ခု မကြာမီ ပြီးစီးတော့မှာဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကနေ သိရပါတယ်။
သာစည် ၄၀ မဂ္ဂါဝပ် စီမံကိန်းကို Leader Power Energy Co., Ltd. က တာဝန်ယူတည်ဆောက်နေပြီး သပြေဝ ၄၀ မဂ္ဂါဝပ် စီမံကိန်းကိုတော့ Hanzar Solar Energy Co., Ltd. က အသစ်တည်ဆောက်နေတာပါ။အဆိုပါ ဆိုလာစီမံကိန်းနှစ်ခု ပြီးစီးပါက ထွက်ရှိလာမယ့် ဓာတ်အားပမာဏ ၈၀ မဂ္ဂါဝပ်ကို အမျိုးသားဓာတ်အားကွန်ရက် (National Grid) ထဲ ဓာတ်အားပို့လွှတ်နိုင်မယ်လို့ သိရပါတယ်။နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ရေးအတွက် စီမံကိန်းအသစ်တွေကို လုပ်ငန်းလျာထားချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ ကော်မရှင်ဥက္ကဋ္ဌ က ပြောပါတယ်။လက်ရှိမှာ သာစည်နဲ့ သပြေဝက နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၃) ရုံကနေ ၉၀ မဂ္ဂါဝပ် ပို့လွှတ်နေပြီး ၂၁၀ မဂ္ဂါဝပ် ထွက်ရှိအောင် ဓာတ်အားပေးစက်ရုံတွေ တိုးချဲ့တည်ဆောက်သွားဖို့ ရှိပါတယ်။နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်မှာလည်း Shwe Myoh Energy Engineering Co., Ltd. ကလည်း ရွှေမြို့ ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောင်လျက်ရှိပါတယ်။



