ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ရင်ဆိုင်နေရသောယူကရိန်းနိုင်ငံအတွက် အရေးပေါ်သုံးမီးစက်များပေးပို့ရန် ဥရောပသမဂ္ဂ(အီးယူ)က စီစဉ်ထားကြောင်းဇန်နဝါရီ ၂၃ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။ပြီးခဲ့သည့်ရက်များအတွင်းရုရှားတပ်များ ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများကြောင့် ယူကရိန်းပြည်သူ တစ်သန်းကျော်တို့မှာလျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခြင်း မရှိဘဲအလွန်ပြင်းထန်သော ဆောင်းရာသီကို ဖြတ်ကျော်နေကြရသည်။လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းမြှင့်တင်နိုင်ရေးအတွက် ယူကရိန်း လျှပ်စစ်
အင်ဂျင်နီယာများက ၂၄ နာရီပတ်လုံးကြိုးပမ်းနေရသည်။ယူကရိန်း၏ လျှပ်စစ်ဓာတ်အားပြဿနာကို ဖြေရှင်းနိုင်ရေးအတွက်အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်းတန်ဖိုးရှိ အရေးပေါ် မီးစက် ၄၄၇လုံးကို ယူကရိန်းသို့ ပေးပို့မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ဇန်နဝါရီ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။အဆိုပါ မီးစက်များကို ယူကရိန်းနိုင်ငံတွင်းရှိ ဆေးရုံများ၊ စစ်ရှောင်ပြည်သူများနေထိုင်ရာ နေရာများနှင့်အရေးကြီးသည့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးရန် အသုံးပြုမည်ဖြစ်သည်။ရုရှားနိုင်ငံသည် အပူချိန်အနုတ် ၂၀ ဒီဂရီဆဲလ်စီးယပ်စ်အထိကျဆင်းသွားတတ်သော ပြင်းထန်
သည့် ဆောင်းရာသီ ဝင်ရောက်လာချိန်တွင် ယူကရိန်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့် ဝေရေးစနစ်များကို ဆက်တိုက် တိုက်ခိုက်ခဲ့သည်။



