ဂျပန်နိုင်ငံမှာ ဗီဇာသက်တမ်းကုန်လွန်နေတဲ့ ဗီယက်နမ်နိုင်ငံသား လေးဦးကို ဖြိုဖျက်ရေးလုပ်ငန်းခွင်တွေမှာ တရားမဝင် အလုပ်ခိုင်းစေခဲ့လို့ ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ စိုင်းတာမစီရင်စု ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ယိုကိုဟားမားမြို့က “ယိုကိုဟားမား ကဲန်ဆဲဆု” (Yokohama Kensetsu) ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ကိုဘာယာရှိ နိုဘူအို (Kobayashi Nobuo) ဆိုသူကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ယိုကိုဟားမားမြို့ အပါအဝင် နေရာအမျိုးမျိုးက ဖြိုဖျက်ရေးလုပ်ငန်းခွင်တွေမှာ အဲ့ဒီဗီယက်နမ်နိုင်ငံသားတွေကို ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။ ကိုဘာယာရှိဟာ တခြားဗီယက်နမ်နိုင်ငံသားတစ်ဦးကနေတစ်ဆင့် ဆိုရှယ်မီဒီယာတွေကနေ ဒီလေးဦးကို ခေါ်ယူခဲ့တာလို့ ယူဆရပါတယ်။ သူတို့ကို တစ်ရက်ကို ယန်းတစ်သောင်းကျော်လောက်နဲ့ အလုပ်ခိုင်းခဲ့တယ်လို့ သိရပါသည်။



