တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံ(Guangdong ) ပြည်နယ် ဖိုရှန်မြို့ရှိ အထက်တန်းကျောင်းတစ် ကျောင်းတွင် ကျောင်းသား ၁၀၃ ဦး နိုရိုဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များက စနေနေ့တွင် ပြောကြားခဲ့ပြီး ပြင်းထန်သော အခြေအနေ သို့မဟုတ် အသက်ဆုံးရှုံးရသည့် ဖြစ်ရပ်များ မရှိကြောင်း Xinhua သတင်းက ဖော်ပြခဲ့သည်။ နိုရိုဗိုင်းရပ်စ်သည် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်းကို ဖြစ်စေသော ရောဂါပိုးတစ်မျိုးဖြစ်ပြီး အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းကဲ့သို့သော ရောဂါလက္ခဏာများကို ပုံမှန်အားဖြင့် ဖြစ်စေလေ့ရှိသည်။ Xinghui အလယ်တန်းကျောင်းမှ ကျောင်းသားများသည် မကြာသေးမီက နိုရိုဗိုင်းရပ်စ် ကူးစက်မှုကြောင့်ဟု ကနဦး အတည် ပြုထားသည် အဆိုပါ ရောဂါလက္ခဏာများဖြင့် ဖျားနာခဲ့ကြသည်။
ကျောင်းသား ၁၀၃ ဦးလုံး၏ အခြေအနေမှာ မစိုးရိမ်ရသောအခြေအနေတွင် ရှိနေပြီဖြစ်သည်။ ကျောင်းဝင်းအတွင်း သန့်ရှင်းရေးနှင့် ပိုးသတ်ဆေးဖြန်းထားပြီး ကျောင်းသားများကို ကျန်းမာရေးစောင့်ကြည့်ခြင်းနှင့် ကျောင်းတက်ရောက်မှုကို စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ရောဂါပျံ့နှံ့မှုဆိုင်ရာ စစ်တမ်းကောက်ယူမှုလည်း လုပ်ဆောင်နေပြီဖြစ်သည်။ကွမ်တုံပြည်နယ် ရောဂါထိန်းချုပ်ရေးအာဏာပိုင်များ၏ အဆိုအရ ယင်းပြည်နယ်တွင် နှစ်စဉ် အောက်တိုဘာလမှ နောက်နှစ်မတ်လအထိ နိုရိုဗိုင်းရပ်စ် ကူးစက်မှုရာသီကာလအဖြစ် ဝင်ရောက်လေ့ရှိကြောင်း သိရသည်။



