ထားဝယ်ဆန်စျေးကွက်တွင် ယမန်နှစ်က ဝင်ရောက်ခဲ့သည့် လက်ကျန်ဆန်အဟောင်းအချို့မှာ စျေးမြင့်တက်နေကြောင်း စျေးကွက်တွင်းမှ စုံစမ်းသိရှိရသည်။ရွှေဘိုပေါ်ဆန်း (ချန်ပီယံ) ဆန်အဟောင်းမှာ ယခင်က တစ်အိတ်လျှင်၂၁၆,၅၀၀ ကျပ်မှ ယခုနှစ် မိုးစပါးဆန်အသစ် ထွက်ရှိသည့် ဇန်နဝါရီလ ပထမပတ်အတွင်း ၂၃၉,၅၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရွှေမြင့်မိုရ်) မှာ ၂၄၀,၅၀၀ ကျပ်မှ ၂၄၂,၅၀၀ ကျပ်သို့ အသီးသီးစျေးတက်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ဆန်အသစ်ထွက်စဦးအချိန်တွင် စားသုံးသူ နည်းလေ့ရှိကြပြီး ယင်းအချိန်တွင် စျေးကွက်အတွင်း ကျန်နေသည့် လက်ကျန် ဆန်အဟောင်းများ အဝယ်လိုက်ကာ စျေးမြင့်တက်ရခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်ရှိ ဆန်အရောင်းအဝယ် ပြုလုပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ဆန်အသစ်မှာ ဆန်အဟောင်းထက် ပုံမှန်စျေးနည်းလေ့ရှိသော်လည်း စားသုံးသူများ နှစ်သက်လေ့မရှိကြဘဲ ဆန်အသစ် ထွက်ရှိပြီး အနည်းဆုံး တစ်လ၊ နှစ်လ ကြာပြီးခါမှ ဝယ်ယူစားသုံးလေ့ရှိ ကြကြောင်း စားသုံးသူအိမ်ရှင်မတစ်ဦးက ဆိုသည်။



