ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာက အမေရိကန်နှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် ဂျပန်-အမေရိကန် အခွန်ကောက်ခံရေး ဆွေးနွေးပွဲများ၏ အဓိကအချက်ဖြစ်သည်ဟု မေလ( ၂၅ )တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်စစ်သင်္ဘောများ ပြုပြင်ခြင်းနှင့် ရေခဲခွဲသင်္ဘောများ ပူးတွဲတည်ဆောက်ခြင်းကဲ့သို့သော ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ စီးပွားရေး ပြန်လည်ရှင်သန်ရေးဝန်ကြီးနှင့် ဂျပန်၏ အထိပ်တန်း အခွန်ကောက်ခံရေး ဆွေးနွေးညှိနှိုင်းသူဖြစ်သော ရိုဆေ အကာဇာဝါသည် အမေရိကန်၌ သုံးကြိမ်မြောက် ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွင် ပါဝင်ပြီးနောက် တနင်္ဂနွေနေ့တွင် ဂျပန်သို့ ပြန်လည်ရောက်ရှိခဲ့ကာ ဝန်ကြီးချုပ်ရုံးတွင် အီရှီဘာနှင့် အစိုးရအဖွဲ့အတွင်းဝန် ယိုရှီမာဆာ ဟာယာရှီတို့ကို ဆွေးနွေးပွဲ၏ တိုးတက်မှုအခြေအနေများကို တင်ပြခဲ့သည်။



