လက်ရှိပုသိမ်မြို့တွင် ကွမ်းသီးအရင့်တစ်လုံးသည် (၁၀၀)မှ(၁၅၀)အတွင်းထိ ဈေးကောင်း ရရှိနေပြီး ကွမ်းသီးအနုများသည် ၁၅၀ ကျပ်အထိ ဈေးကောင်းရရှိနေသဖြင့် ခြံလုပ်ငန်းရှင်များ အနေဖြင့် ကွမ်းသီးအနုများအား ရောင်းချရန် စိတ်ဝင်စားလာခဲ့ကြပါသည်။ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အပါအဝင် ဒေသအနှံ့အပြားတွင် ကွမ်းသီးအရည် သောက် ဟုခေါ်သော ကွမ်းသီးအနုမှာ ဈေးကွက်တွင် တွင်ကျယ်စွာ အရောင်းအဝယ် ဖြစ်ထွန်း လျက်ရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးအနုဈေးကွက်မှာ လွန်ခဲ့သော ဆယ်စု နှစ်ဝန်းကျင်ကတည်းက တွင်ကျယ်ခဲ့သော်လည်း ပုသိမ်မြို့နယ်တွင် ၂၀၁၆ ခုနှစ်မှ အရောင်း အဝယ်ဖြစ်လာခဲ့ပါသည်။ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အပါအဝင် နေရာဒေသအများအပြားတွင် ကွမ်းသီး အနုများ ဈေးကွက်အတွင်း ဆွတ်ခူးရောင်းချလာကြပြီး ကွမ်းသီးအရင့်ထက် အနုက ပို၍ တွက်ခြေကိုက်ကြောင်း သိရှိရပါသည်။ ကွမ်းသီးအနုဆွတ်ခူးရောင်းချမှုများပြားလာသဖြင့် ကွမ်းသီးအခြောက်လုပ်ငန်းမှာ ဈေးကောင်းပိုမိုရရှိပြီး ယခင်နှစ်များထက် ဈေးကွက်အတွင်း ဈေးတက်လာရကြောင်း သိရှိရပါသည်။



