မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများအတွက် ယုံကြည်စိတ်ချရသော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပေးအပ်နေသည့်အပြင် မြန်မာနိုင်ငံရှိ မျိုးဆက်သစ်လူငယ်များအား မြေတောင်မြှောက်ပေးရန်အတွက် တတ်အားသရွေ့ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ MPT သည် နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ် (၁၈) ခုမှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား အခွင့်အလမ်းကောင်းများ ပေးအပ်ရန်အတွက် ၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေး နှင့် သင်ကြားရေး အစီအစဉ်ကို ဆောင်ရွက်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။MPT ၏ ၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်ကို ဧပြီလတွင် စတင်ခဲ့ပြီး ဇွန်လအထိ MPT ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၀) ခုရှိ MPT ရုံးများတွင် ဆောင်ရွက်လျက် ရှိကာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၀) ခန့်အား စာတွေ့၊ လက်တွေ့ လေ့ကျင့်မှုများ ပေးအပ်လျက် ရှိပါသည်။ အဆိုပါအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူများသည် မိုက္ခရို၊ ဖိုင်ဘာစသည့် အဝေးဆက်သွယ်ရေး နည်းပညာများ၊ မိုဘိုင်းဆက်သွယ်ရေးနည်းပညာများနှင့် FTTH နည်းပညာများ စသည့် တယ်လီကွန်း ဆက်သွယ်ရေးနည်းပညာများအပြင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး (HSE) နှင့် သတင်းအချက်အလက် လုံခြုံရေး စသည့် လုပ်ငန်းခွင်နှင့် သက်ဆိုင်သော အသိပညာများကို ရန်ကုန်တိုင်းဒေသကြီးရှိ MPT ၏ Network Center နှင့် သင်တန်းကျောင်းတို့တွင် စာတွေ့၊လက်တွေ့ လေ့လာသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသည်။။



